CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆

မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးမည်ဆိုပါက ကိုက်ညီမှုရှိသော်လည်း ပုံသဏ္ဍာန်တစ်မျိုးတည်း ကျင့်သုံးမည်ဆိုပါက ပြဿနာရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် လူမျိုးပေါင်း ရာကျော်ရှိသည့်အပြင် လူမျိုးစု တစ်ခုနှင့်တစ်ခု ထပ်တူမညီသောကြောင့် ဖက်ဒရယ် စနစ်သည် ပုံစံတစ်မျိုးတည်း မဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။

ဦးထက်အောင်ကျော်က “ဖက်ဒရယ်စနစ်က မြန်မာပြည်လို တိုင်းရင်းသားများတဲ့ တိုင်းပြည်တွေအတွက်က ဖက်ဒရယ် စနစ်က လိုအပ်တယ်။ မြန်မာနိုင်ငံရဲ့ ရေမြေ၊ တောတောင် သဘာဝနဲ့ လူမျိုးစု အားလုံးရဲ့ပုံသဏ္ဍာန် တစ်ခုနဲ့တစ်ခုက ထပ်တူညီတာ မဟုတ်တဲ့အတွက် ပုံသဏ္ဍာန်တစ်မျိုးတည်း ကျင့်သုံးလိုက်တဲ့ ဖက်ဒရယ်ဆိုရင်တော့ နည်းနည်း ပြဿနာ ရှိနိုင်ပါတယ်။ ကချင်အတွက် ဖက်ဒရယ်ပုံစံက တစ်မျိုး၊ ရှမ်းအတွက် ဖက်ဒရယ်ပုံစံက တစ်မျိုး ဖြစ်မယ်။ ရေမြေ၊ တောတောင် သဘာဝ၊ လူမျိုးစုနဲ့ ယဉ်ကျေးမှုအလိုက် လိုက်လျော ညီထွေဖြစ်အောင် ကျင့်သုံးမှသာ ဖက်ဒရယ်စနစ်က အောင်မြင်နိုင်ခြေရှိမှာပါ။ ပြည်သူတွေနဲ့ အဖွဲ့အစည်းအများစုက ဖက်ဒရယ်စနစ်ကျင့်သုံးရန် ဝေဖန်အကြံပြုနေပေမဲ့ အကြံပြု နေသူတွေအားလုံးက ဖက်ဒရယ်စနစ် အောင်မြင်နိုင်မယ်ဆိုတာ သက်ဝင် ယုံကြည်ပါ ရဲ့လားဆိုတာ မရေမရာ ဖြစ်နေပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။

မြန်မာနိုင်ငံကို ဖက်ဒရယ်ဥပ‌ဒေနှင့်အညီ ပြန်သွားမည်ဆိုပါက နိုင်ငံရေးအခွင့်အရေး တန်းတူမှုအား ပြန်ပေးရမည် ဖြစ်ပြီး နိုင်ငံရေး အခွင့်အရေး တန်းတူမှုမရှိလျှင် ဖက်ဒရယ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ပြင် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အား မပေးဘဲ ဖက်ဒရယ်အဆင့်ကိုပဲ ပေးမည်ဆိုပါက တပြေးညီပေးရန် လိုအပ်ကြောင်း ၎င်းတို့က သုံးသပ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တချို့သည် ဖက်ဒရယ်စနစ် ရရှိရေး ပြောနေသော်လည်း ၎င်းတို့၏ ရည်မှန်း ချက် မဟုတ်သလိုမျိုး ပုံစံတွေ့မြင်လာရကြောင်း၊ အပြောင်နှင့် လက်တွေ့ လုပ်ဆောင်နေမှုများက ကွာခြားနေသည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ တချို့ လက်နက်ကိုင် တိုင်းရင်းသား တွေက ဖက်ဒရယ်စနစ် ရရှိရေးဆိုတဲ့ ခေါင်းစဉ်သာ တင်ထားကြတာ တကယ်လက်တွေ့က သူတို့ရဲ့ရည်မှန်းချက် မဟုတ်သလိုမျိုး ဆိုတဲ့ ပုံစံမျိုး တွေ့မြင်ရပြီး အပြောနဲ့ လက်တွေ့ လုပ်ဆောင်နေတာတွေက ကွာခြားနေပါတယ်။ အဓိကက သူတို့က နယ်မြေစိုးမိုးရေးနဲ့ သယံဇာတ ထုတ်ဝေရေး အပိုင်းမှာ အုပ်ချုပ်ချင်တဲ့ပုံစံမျိုးတွေ တွေ့ရပြီး အဲဒီအရာတွေက ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို ရေရှည်သွားနိုင်ဖို့ အားနည်းချက်တစ်ခုအဖြစ် သုံးသပ်ရပါတယ်။ ဖက်ဒရယ်စနစ်ကို ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရကို တိတိကျကျ ပိုင်းခြားပြီး ယုံယုံကြည်ကြည်နဲ့  အတူလက်တွဲသွားနိုင် မယ်ဆိုရင် ဖက်ဒရယ်စနစ်ရဲ့ အားသာချက် ဖြစ်လာ မှာပါ။ ဘယ်စနစ်မဆို ရေရေရာရာမရှိဘဲ အခြေခံအုတ်မြစ် မချမှတ်နိုင်ပါက ပြည်သူလူထုဘက်ကလည်း အချိန်ကြာ လာလေလေ အပြောနဲ့လက်တွေ့ မညီတဲ့အုပ်ချုပ်ရေးစနစ်ကို ပိုယုံကြည်ဖို့ ခက်ခဲလာကြပြီး နိုင်ငံရေးကို စိတ်ပါ ဝင်စားမှု အားနည်းလာကြမှာ ဖြစ်ပါတယ် “ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ-တပ်မတော်ကြား သဘောတူထားကြသလို နိုင်ငံရေးပါတီများ ကလည်း လက်ခံထားကြသည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကြောင့် တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်စနစ်ထက် ကျော်လွန်၍ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် သီးခြား လွတ်လပ်သော နိုင်ငံသစ် ထူထောင်ရေးဆိုသော ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား လာခဲ့ကြသည်။

အာရက္ခတပ်တော်(AA)က “ဝ” ထက် မနိမ့်သော နိုင်ငံရေး အဆင့်အတန်းမျိုးကိုယူမည် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။ လိုအပ်ပါက သီးခြားလွတ်လပ်‌သော နိုင်ငံ အဖြစ် ရပ်တည်မည်ဟု AA ဘက်က ပြောထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဟု ထုတ်ဖော် ပြောကြား ထားသည်။

ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။