CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၁

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ မြင့်မားလာသည့်နှင့်အမျှ လက်နက်ကိုင်များ၏ တောင်းဆိုချက်များ လည်း မြင့်မားလာ၍ NCA စာချုပ်ထက် ကျော်လွန်ပြီး ဖြေရှင်းမှသာရမည်ဟု နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက် ရေး အစုအဖွဲ့(PCB)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြအေးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး၍ လွှတ်တော်များ ကျင်းပနေသလို ဒုသမ္မတ လောင်းများ ရွေးချယ်ခြင်း၊ သမ္မတ ရွေးချယ်ခြင်းများကို လုပ်ဆောင်နေပြီး ဧပြီလမှာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်း ရန် ပြင်ဆင်နေကြသည်။ 

လက်ရှိ တိုင်းရင်းသားများ၏ လိုလား၊ တောင်းတချက်များက ပိုပိုပြီး ကြီးလာသောကြောင့် ယခင်လို NCA တစ်ခု တည်းဖြင့် သွား၍မရကြောင်း နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြအေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့အရင်တုန်းက ဖြေရှင်းခဲ့တဲ့ ပုံစံမျိုး၊ အတွေးအခေါ် အဟောင်း၊ ပုံစံအဟောင်းတွေနဲ့ကတော့ ဖြေရှင်း ဖို့ မလွယ်တော့ဘူး၊ မရတော့ဘူးပေါ့နော်။ အထူးသဖြင့် ကျနော်တို့ဒီ ၂၀၁၅၊ အောက်တိုဘာ ၁၅ တုန်းက လက်မှတ်ထိုးခဲ့တဲ့ NCA project တစ်ခုထဲနဲ့ သွားလို့မရဘူးလို့ ကျနော် မြင်ပါတယ်။ ဆိုတော့ အခုဟာက ဒီလက်နက်ကိုင် တိုက်ပွဲတွေကလည်း တစ်နိုင်ငံလုံးမှာ တော်တော်များများ နေရာမှာ ဖြစ်နေကြတာ။ ပြီးတော့ နောက်တစ်ခုက  တိုင်းရင်းသားတွေရဲ့ လိုလားတောင်းတချက်ကလည်း ပိုပိုပြီးတော့ ကြီးတယ်လေ။ ဆိုတော့ အရင်လိုမျိုး ကျနော်တို့ ဖြေရှင်းလို့တော့ မရဘူးလို့ ကျနော်မြင်တယ်။ အဲတော့ တကယ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကို ဘယ်လို ထူထောင်မလဲဆိုတဲ့ အမြင်နဲ့ပဲ ချဥ်းကပ်သင့်တယ်လို့ မြင်တယ်။ အဲဒီလို ချဥ်းကပ်တဲ့အခါမှာ ကိုယ့်မူဘောင်တစ်ခုကို အသေပေါ့ဗျာ၊ အရမ်းကြီး မဖြစ်သင့်ဘူးပေါ့နော်၊ အရမ်းကြီး တင်းတင်းကျပ်ကျပ် မထား သင့်ဘူးလို့ ကျနော် မြင်တယ်ဗျ။ အဓိက,ကတော့ဗျာ ကျနော်တို့ ပြည်ထောင်စု အားကောင်းဖို့ ဆိုလို့ရှိရင်၊ ကျနော် တို့ ဖက်ဒရယ်စစ်(စစ်) ပြည်ထောင်စုကို တည်ဆောက်ဖို့လိုမယ်။ အဲဒါမှ ကျနော်တို့ တည်ဆောက်လို့ အဆင်ပြေ မယ်။ အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်‌ရေးအတွက် ဦးတည်တဲ့ ဖြေရှင်းမှုတွေနဲ့ပဲ သွားလို့ ရလိမ့်မယ်လို့ မြင်ပါတယ်။ ကျနော်တို့ မူဘောင်တစ်ခုကို အသေချဖို့တော့ ကျနော်တို့ မရဘူးလို့ ကျနော် မြင်တယ်လေ။  ဆိုလိုတာက ဥပမာ NCA ငြိမ်းချမ်းရေး ဖြစ်စဥ်ကလည်း မကောင်းဘူးလို့ မဆိုလိုပါဘူး၊ ဒါလည်း ကောင်းပါတယ်။ သို့သော် အဲဒီဟာကို လက်မခံတဲ့ လူတွေကလည်း ရှိနေတယ်လေ။ ရှိနေပြီဆိုတဲ့ အခါကြတော့ လက်မခံနိုင်တဲ့ အကြောင်းတရားသည် ကျနော်တို့ အရင်နားထောင်သင့်တယ်။ ဒါလက်မခံတဲ့ ဘက်ကလည်း ဘာကြောင့် လက်မခံတာလဲဆိုတာ ပြောပါလိမ့်မယ်။ ဆိုတော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ မူဘောင်တစ်ခုကို ဘယ်လို ချဲ့ယူမလဲဆိုတာကို စဥ်းစားသင့်တယ်လို့ မြင်တာပါ”ဟု ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(PCB)ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး အပါအဝင် ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က စု ဖွဲ့ခဲ့ကြသည်။

အဆိုပါ အစုအဖွဲ့သည် ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး၊ လက်ရှိ ပဋိပက္ခများ ဖြေရှင်းရန်အတွက် ပဋိပက္ခနှင့် သက်ဆိုင်သူများ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မည့် မိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက် ၄ ချက်ကို အဓိက အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်။

NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အဓိက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုမှ NCA ထက် ကျော် လွန် တောင်းဆိုမှုများ မြင့်မားလာခြင်းက လက်ခံနိုင်စရာမရှိကြောင်း သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

NCA စာချုပ် လက်မှတ်ထိုးကြစဉ်

၎င်းက “NCA က အခြေခံဆိုပြီးတော့ လုပ်ခဲ့ကြတယ်။ NCA စခဲ့တာလည်း ခုနက EAO တွေဆီကပဲ အခြေခံပြီး လုပ်ခဲ့ကြတာ။ အဲဒီ EAO တွေဘက်ကပဲ တောင်းဆိုမှု မြင့်မားလာတယ်ဆိုရင်တော့ ဒါက သူတို့ကိုယ်တိုင်က ဒီ NCA နဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သူတို့လိုလားချက်ကို ပြန်သုံးသပ်ဖို့ လိုအပ်တာပေါ့။ အခြေခံအချက်ကို တောင်မှ ဖြည့်ဆည်းဖို့ ခဲယဥ်းနေပြီးတော့ ပြန်လုပ်ရမယ်ဆိုရင် ခုနကပြောသလို ဒီကမ္ဘာသိ လက်မှတ်ကြီးလည်း ထိုးထားပြီးပြီ လွှတ်တော်မှာလည်း အတည်ပြုထားပြီ။ ဒါကိုထပ်ပြီးတော့ အခုချိန်မှ ပြန်ပြင်မယ်ဆိုတဲ့ဟာကတာ့ လက်တွေ့မှာတော့ သိပ်သဘာဝ မကျဘူးလို့ မြင်တယ်။ ဒီထဲမှာ ကြားအဖြေတစ်ခုတော့ ရှာနိုင်မယ်လို့တော့ မြင်တယ် လေ။ တကယ်လို့ ပြင်ဆင်မယ်ဆိုရင်တောင် ခုနကပြောတဲ့ အသိမှတ်ပြုထားတဲ့ နေရာကလူတွေ၊ ပါဝင် လက်မှတ် ထိုးထားတဲ့ လူတွေ၊ ဒီလူတွေကရော ဘယ်လိုရှိမှာလဲ၊ သူတို့ရဲ့ သဘောထားကရော ဘယ်လိုလဲ။ ပြောရရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သွားရမယ့် ညှိနှိုင်းမှုမျိုးနဲ့ လုပ်ရမလို ဖြစ်နေပြီ။ အဲဒီတော့ ခုနက NCA လက်ခံထားပြီးသား လူတွေကရော ဒါကြီးကို ပြန်ပြင်ရမယ့် အချိန်မှာ သူတို့အတွက်ရော အဆင်ပြေနိုင်ပါ့မလား။ အဲတော့ မေးခွန်းတွေ က အများကြီးရှိတယ်။ အဲတော့ အကောင်းဆုံးကတော့ NCA လက်မှတ်ထိုးပြီး လိုက်နာနေတဲ့ သူတွေက လက်ရှိ NCA အတိုင်း သွားဖို့အတွက် လုံးဝမကြောက်ဘူး၊ NCA မလိုက်နာနိုင်ဘူး၊ လက်မှတ်မထိုးဘူး၊ ဒါကို ပြင်ဆင်ရမယ့် လူတွေအတွက် ဒါကိုလမ်းကြောင်းတစ်ကြောင်း အဲဒီအတိုင်းကတော့ လက်ရှိ အနေအထားနဲ့ ပိုကိုက်ပါလိမ့်မယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် AA-KIA-MNDAA- TNLA တို့သည် ဖက်ဒရယ် ထက် ကျော်လွန်၍ တောင်းဆိုမှုများ ပြုလုပ်နေပြီး တချို့က ကွန်ဖက်ဒရေးရှင်း သို့မဟုတ် လွတ်လပ်သော နိုင်ငံ အဆင့်ထိ တောင်းဆိုရန် ရပ်တည်ထားကြသည်။

မြန်မာနိုင်ငံတွင် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ရှိသည်။ အဆိုပါ ၁၀ဖွဲ့ အနက် ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုပြောကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။