CNI International News

ကိယက်ဗ်၊ ဧပြီ ၂၃

ရုရှားသည် မိမိနိုင်ငံကို ကျူးကျော်ခြင်းမှာ အစသာ ရှိသေးကြောင်း၊ တခြားနိုင်ငံများကိုလည်း သိမ်းပိုက်ရန် အစီအစဉ် ရေးဆွဲထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက သတိပေးခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းတောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်လိုကြောင်း ရုရှားစစ်ဗိုလ်ချုပ်တစ်ဦး၏ ပြောကြားချက် ထွက်ပေါ် လာခဲ့ပြီးနောက် ထိုကဲ့သို့ ဇာလန်းစကီးက သတိပေးခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လို သေခြင်းတရားကို ကျော်လွှားပြီး အောင်ပွဲခံဖို့ယုံကြည်တဲ့နိုင်ငံအားလုံးဟာ ကျနော်တို့နဲ့အတူ တိုက်ခိုက်ရမှာဖြစ်တယ်။ ကျနော်တို့က ရှေ့တန်းမှာ တိုက်နေတာမို့ သူတို့က ကျနော်တို့ကို ကူညီရမယ်။ နောက်ထပ် ဘယ်နိုင်ငံအတိုက်ခံရဦးမယ်မသိသေးဘူး” ဟု ဇာလန်းစကီးက ဧပြီ ၂၂ ရက် နှောင်းပိုင်း ဗီဒီယို မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းတောင်ပိုင်းကို အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့လျှင် အနောက်ဘက်ရှိ ရုရှားသိမ်းထားသည့် မော်လ်ဒိုဗာခွဲ ထွက်နယ်မြေ၏ ထရန်နစ္စတီးယား (Transnistria) ထဲ ဝင်ရောက်နိုင်မည်ဟု ရုရှားနိုင်ငံအလယ်ပိုင်း စစ်ဒေသ လက်ထောက်တပ်မှူး ရက်စတမ်မင်နီကေယက် (Rustam Minnekayev) ၏ ပြောကြားချက်အား ရုရှား မီဒီယာ များက ထုတ်လွှင့်ခဲ့ကြသည်။

ယူကရိန်းကမ်းရိုးတန်းတစ်ခုလုံးကို ဖြတ်တောက်ပြီးလျှင် ရုရှားတပ်များသည် လက်ရှိနယ်နမိတ်မျဉ်းထက် ကျော်လွန်၍ အနောက်ဘက်သို့ မိုင်ပေါင်းရာနှင့်ချီလျက် ဖြန့်ဝင်နိုင်ကြောင်း၊ ယူကရိန်းကမ်းရိုးတန်းမြို့ကြီးများ ဖြစ်သော မိုင်ကိုလေ့ဗ် (Mykolaiv) နှင့် အိုဒက်ဆာ (Odesa) တို့ကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါသတင်းထုတ်ပြန်ချက်သည် ယူကရိန်းနှင့်ပတ်သက်၍ မော်စကို၏ရည်မှန်းချက်များထဲမှ အသေးစိတ် အကျဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရုရှားက ၎င်း၏ထိုးစစ်ကို မကြာမီကာလ၌ အချိန်မရွေး ရပ်တန့်သွားဖို့ အစီအစဉ်မရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

မော်စကို၏စစ်ရေးရည်မှန်းချက်များကို ဖုံးကွယ်ထားတော့မည်မဟုတ်ကြောင်း ယခု တပ်မှူး၏သဘောထား မှတ်ချက်တွင် တွေ့ရသည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင် ခဲ့သည်။

ယခုစစ်ပွဲဒုတိယအဆင့်၏ပန်းတိုင်သည် မော်စကိုစွပ်စွဲထားသည့် နာဇီများအပေါ် အောင်ပွဲခံရန် မဟုတ်တော့ဘဲ ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ကို ပြောင်ပြောင်တင်းတင်း သိမ်းပိုက်ရန်ဖြစ်ကြောင်း၊ နယ်ချဲ့ဝါဒသည် ထိုသို့ပင်ဖြစ်ကြောင်း ရိုက်တာက ဆက်လက်ရေးသားထားသည်။

ယူကရိန်းကို စစ်မဲ့ဇုန်ဖြစ်ရေးနှင့် အန္တရာယ်အမျိုးသားရေးဝါဒီလက်မှ လွတ်မြောက်ရေးအတွက် ရုရှားက အထူး စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း မော်စကိုက ထပ်တလဲလဲ ပြောကြားခဲ့ပြီးဖြစ်သည်။

ရုရှား၏ ဖေဖော်ဝါရီ ၂၄ ရက်မှစတင်တိုက်ခိုက်မှုကို ယူကရိန်းအစိုးရနှင့် အနောက်အုပ်စုမဟာမိတ်နိုင်ငံများက တရားမျှတမှုမရှိသော ကျူးကျော်စစ်ပွဲဟု ခေါ်ဆိုကြသည်။

Source: Reuters