CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၁၇
ထိုင်ဝမ်တွင် အနုပညာရှင်များ၊ ထင်ရှားကျော်ကြားသူများ အပါအဝင် လူငယ်များက ဆေးလက်မှတ် အတုများ ပြုလုပ်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို လက်တစ်လုံးခြားလုပ်၍ ရှောင်တိမ်းခဲ့သည့် ဖြစ်စဉ်များကြောင့် အာဏာ ပိုင်များက ထိုစစ်မှုထမ်းဥပဒေကို တင်းကျပ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
စစ်မှုထမ်းဥပဒေကို ပြုပြင်ပြောင်းလဲရန် အဆိုပြုချက်တွင်လည်း လိင်ပြောင်းလဲထားသူများနှင့် လိင်တူစုံမက် သူများကိုလည်း ထည့်သွင်းမည်ဖြစ်သဖြင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်က ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေပြင်ဆင်မှု မူကြမ်းအရ ရုပ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်နှင့် ပြည့်မီသူများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ထိုဥပဒေပြင်ဆင်မှုကို လွှတ်တော်က အတည်ပြုခဲ့မည်ဆိုပါက စစ်မှုထမ်းဥပဒေမှ ရှောင်လွှဲနိုင်မည့် အခွင့်အလမ်း များ အလွန်နည်းပါးသွားမည်ဖြစ်သည်။
အသစ်ပြင်ဆင်ထားသည့် မူကြမ်းအရ ခန္ဓာကိုယ် အလေးချိန်နှင့် အရပ်အမြင့်ကို အချိုးချသည့် ညွှန်းကိန်းဖြစ်သော (BMI) ညွှန်းကိန်း ၄၅ နှင့်အထက်ရှိနေသူ သို့မဟုတ် အရပ်အမြင့် ၄ ပေ ၇ လက်မအောက် ရှိသူများသည် စစ်မှု ထမ်းခြင်းမှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ထိုင်ဝမ်စစ်သားများကို တွေ့ရစဉ်
ယခင်သတ်မှတ်ချက်အရ BMI ညွှန်းကိန်း ၃၅ အထက်ရှိနေသူများ သို့မဟုတ် အရပ်အမြင့် ၅ ပေ ၅ လက်မနှင့် ကိုယ်အလေးချိန် ၂၂၂ ပေါင် ရှိသူများသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။
ယခုပြင်ဆင်ခဲ့သည့် ဥပဒေမူကြမ်းအရ BMI ညွှန်းကိန်းကို ပြောင်းလဲခဲ့သဖြင့် အရပ်အမြင့် ၅ ပေ ၅ လက်မရှိပြီး ကိုယ်အလေးချိန် ၂၈၆ ပေါင်နှင့်အထက် ရှိသူများကိုသာ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပေးတော့မည်ဖြစ်သည်။
ထို့ကြောင့် အရပ်အမြင့် ၅ ပေ ၅ လက်မနှင့် ကိုယ်အလေးချိန် ၂၈၆ ပေါင်အောက် ရှိသူများအားလုံးသည် စစ်မှုထမ်း ရတော့မည်ဖြစ်သည်။
ထို့ပြင် ယခင်က flat feet ဟုခေါ်သည့် ခြေဖဝါး ပြားသူများကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပေးထားမှုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
Source: South China Morning Post
