မိတ်ဆွေမှ ရန်သူဖြစ်လာသည့် ထရမ့်နှင့် အီလွန်မာ့စ်

CNI International News

ဝါရှင်တန်၊ ဇွန်လ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ၎င်း၏ အကြံပေးပုဂ္ဂိုလ်ဟောင်း အီလွန်မာ့စ် (Elon Musk) တို့ကြား လူသိရှင်ကြား အပြန်အလှန် ဝေဖန်မှုများ ဖြစ်ပွားခဲ့ခြင်းသည် ၎င်းတို့ ၂ ဦးကြား ခင်မင်ရင်းနှီးခဲ့ သည့် ဆက်ဆံရေးအတွက် ကြီးမားသော အပြောင်းအလဲ ဖြစ်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇွန်လ ၅ ရက်တွင် မာ့စ်က ထရမ့်၏ “ကြီးမား၊ လှပသည့် ဥပဒေမူကြမ်း” (BBB) အမည်ရှိ အခွန်နှင့် အသုံးရိတ် အစီအစဉ်ကို မာ့စ်က ဆန့်ကျင် ဝေဖန်ခဲ့ပြီးနောက် ၎င်းတို့ ၂ ယောက်ကြား ပဋိပက္ခ စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

မာ့စ်၏ ဝေဖန်မှုကို တုန့်ပြန်သည့် အနေဖြင့် ထရမ့်က SpaceX နှင့် Tesla တို့ အပါအဝင် မာ့စ်၏ ကုမ္ပဏီများကို အကျိုးအမြတ်များ ရရှိစေသည့် အစိုးရကန်ထရိုက်များနှင့် ထောက်ပံ့မှုများကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့ကာ မာ့စ်ကို စိတ်ပျက်ကြောင်း ထရမ့်က သူပိုင်ဆိုင်သော Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

မာ့စ်ကလည်း ထရမ့်ကို တုန့်ပြန်သည့် အနေဖြင့် ထရမ့်အား စွပ်စွဲပြစ်တင်သင့်ကြောင်းနှင့် ဘီလျံနာ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ၏ လိင်အရှုပ်တော်ပုံတွင် ထရမ့် ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း ၎င်းပိုင်ဆိုင် သော X လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

ပုံစာ- သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

ထို့နောက် ၎င်းတို့နှစ်ဦးသည် ၎င်းတို့ပိုင်ဆိုင်ကြသည့် X နှင့် Truth Social လူမှုမီဒီယာများတွင် အပြန်အလှန် ဝေဖန်ထိုးနှက်ခဲ့ကြသည်။

မာ့စ်က ထရမ့်၏ ဟာသပုံများ၊ ပို့စ်အဟောင်းများကို လှောင်ပြောင်ခဲ့သလို ထရမ့်ကလည်း အစိုးရအသုံးစရိတ် မူကြမ်းက မာ့စ်၏ Tesla ကုမ္ပဏီကို ထိခိုက်စေသဖြင့် မာ့စ်သည် ကိုယ်ကျိုးစီးပွားအတွက် ဝေဖန်နေခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

၎င်းတို့ ၂ ယောက်ကြား လူသိရှင်ကြား ဝေဖန်မှုများကြောင့် Tesla ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ၁၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ စျေးကွက်တန်ဖိုး ဒေါ်လာ ၁၅၀ ဘီလီယံခန့် ကျဆင်းခဲ့သည်။

ထရမ့်က မာ့စ်သည် ရူးသွပ်သွားပြီဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့၏ ဘတ်ဂျက်တွင် ဘီလျံနှင့်ချီသည့် ဒေါ်လာများကို ချွေတာရန် မာ့စ်နှင့်ချုပ်ဆိုထားသော စာချုပ်များကို ဖျက်သိမ်းရလိမ့်မည်ဟု Truth Social တွင် ရေးသားခဲ့သည်။

ပုံစာ- သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်

Tesla၊ SpaceX နှင့် Starlink တို့ အပါအဝင် မာ့စ်၏ ကုမ္ပဏီများသည် အမေရိကန်အစိုးရနှင့် တိုက်ရိုက် စာချုပ် များ ချုပ်ဆိုထားပြီး အစိုးရထောက်ပံ့ကြေးများကို ရရှိပြီး အခွန်လျှော့ဆောင်ရသည့် ခံစားခွင့်များအား ရရှိထား သည်။

မာ့စ်ကလည်း ၎င်း၏ SpaceX ကုမ္ပဏီမှ Dragon အာကာသယာဉ်နှင့် အစိုးရကြား ချုပ်ဆိုထားသည့် စာချုပ်ကို ချက်ချင်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအာကာသယာဉ်သည် နိုင်ငံတကာ အာကာသစခန်းသို့ အာကာသယာဉ်မှူးများနှင့် ရိက္ခာအထောက်အပံ့များ ပေးပို့ရာတွင် အသုံးပြုသည့် အာကာသယာဉ်ဖြစ်သည်။

သို့သော် နာရီပိုင်းအကြာတွင် ထရမ့်နှင့် မာ့စ်တို့သည် တင်းမာမှုများကို လျှော့ချခဲ့ပုံပေါ်ပြီး ထရမ့်နှင့် မာ့စ်တို့သည် သဘောထား ကွဲလွဲမှုများကို ဆွေးနွေးရန် ဖုန်းဆက်သွယ် ပြောဆိုမည်ဟု အိမ်ဖြူတော်အရာရှိများက ပြောကြားခဲ့ သည်။

မာ့စ်ကလည်း Dragon အာကာသယာဉ် အသုံးပြုမှုစာချုပ် ဖျက်သိမ်းမည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ပြီး ထရမ့် နှင့် ကျေအေးလိုသည့် ဆန္ဒရှိကြောင်း အရိပ်လက္ခဏာ ပြသခဲ့သဖြင့် ၎င်းတို့ ၂ ဦးကြား ပြန်လည်သင့်မြတ်နိုင်ခြေ ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

Source: ရိုက်တာ