CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မရှိသင့်တော့ ဘူးဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့ အစည်းအဝေးမှာ ပြောသည်။
မိမိတို့ အစိုးရအနေဖြင့် တို့တာဝန်အရေး(၃)ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အား ဦးထိပ်ထား ပန်ဆင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။
ဝန်ကြီးချုပ် ဦးညိုစောက “ ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေး အရ သဘာထားကွဲလွဲမှုများ မရှိသင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက် လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက်နာကြရန်လိုကြောင်း” ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး စသဖြင့် သဘောထားကွဲလွဲကာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလာသည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အကောင်အထည်ဖော်၍ မြန်မာ့ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြား ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တွင် မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို ရရှိပြီးနောက် ရပ်တန့်သွားခဲ့သည်။
နိုင်ငံတော်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။