CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ပေါ်မှာ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM) အဖွဲ့သည် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဒေသတွင်းနေ နာဂ ပြည်သူများနှင့်အတူ ပူးပေါင်း ကျင်းပခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က လဟယ်မြို့မှာ နာဂနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ပြီး NSCN-K/AM အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

NSCN-K/AM အဖွဲ့က “၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် NSCN-K Ang Mai ဦးဆောင်မှုအဖွဲ့သည် မြန်မာ နိုင်ငံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိကမြို့တော်ဖြစ်သော လဟယ်မြို့ရှိ နာဂပြည်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ နာဂနှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ပါသည်။ ဤပူးပေါင်းကျင်းပသော အထိမ်းအမှတ်နှင့် ပွဲတော်သည် စုပေါင်း ထောက်ခံမှုနှင့် စည်းလုံးညီညွတ်မှုကို ထင်ဟပ်ဖော်ပြသော အားကောင်းသည့် သင်္ကေတ တစ်ရပ် ဖြစ်ပါသည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် NSCN-K/AM အနေဖြင့် နာဂပြည်သူလူထု၏ ပြတ်သားစွာ ပူးပေါင်းကူညီမှု၊ ယုံကြည်အားထားမှုနှင့် တည်ကြည်ခိုင်မာသော ထောက်ခံအားပေးမှုများအတွက် အလွန်အမင်း ကျေးဇူးတင်ကြောင်း၊ NSCN-K/AM အဖွဲ့ သည် နာဂပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် လူမှုကောင်းကျိုးများကို ဆက်လက် တာဝန် ထမ်းဆောင် ပေးရန် အခိုင်အမာ ကတိပြုထားကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း ခိုင်မာစွာ ရပ်တည်နေကြရန်၊ ကျွနှ်ပ်တို့ ၏ စုပေါင်းရည်မှန်းချက်ကို ယုံကြည်ရန်နှင့် စည်းလုံးညီညွတ်စွာ အတူတကွ ရှေ့ဆက်လျှောက်လှမ်းကြရန် တောင်းဆိုပါကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

NSCN-K/AM အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်၂ ရက်က NSCN-K/YA အဖွဲ့ကနေ ခွဲထွက်၍ ထူထောင်ခဲ့ခြင်း ဖြစ် သည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ လေရှီး၊ လဟယ် အပါအဝင် ခန္တီး စသည့် ဒေသများတွင် လှုပ်ရှားလျက်ရှိသည်။