CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြမိုက်ကယ်ကာရစ်က ရှေ့မှာကြီးမားတဲ့ ပွဲတွေလာဖို့ရှိသလို ၂ ပွဲဆက် အနိုင်ရရှိခဲ့တာက ယုံကြည်မှုတွေ အများကြီးရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

မိုက်ကယ်ကာရစ်က “ကျနော်တို့မှာ ပွဲကြီးတွေ၊ ကြီးမားတဲ့ပွဲတွေလာဖို့ ရှိတော့မှာပါ။ ဘာလို့လဲဆိုရင် နောက်ထပ် ပွဲတိုင်းက ကြီးမားတဲ့ပွဲတွေ ဖြစ်လို့ပါ။ ကျနော်တို့ဟာ တိုးတက်အောင် ဆက်ပြီးလုပ်ရမယ့် အရေးကြီးတဲ့ အရာ တွေ ရှိနေပါသေးတယ်။ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေကနေ စိတ်ခံစားမှုတွေ၊ စွမ်းအင် တွေနဲ့ ယုံကြည်မှုတွေ အများကြီး ရနိုင်ပါတယ်။ ဒါပေမယ့် နှိမ့်ချပြီး ဒီရလဒ်တွေကို ကျနော်တို့ ဘယ်လိုရယူခဲ့ရလဲ ဆိုတာ နားလည်ရမယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်ဘူမို၊ ဒေါ်ဂူ၊ ကွန်ညာတို့ရဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်အသင်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာကို တက်နိုင်ခဲ့တာပါ။ 

အာဆင်နယ်အသင်းကတော့ ဒီပွဲအရေးနိမ့်မှုကြောင့် ဒီရာသီ သူတို့ရဲ့အိမ်ကွင်းမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့သလို အဆင့် ၂ နေရာက မန်စီးတီးနဲ့ အဆင့် ၃ နေရာက အက်စတွန်ဗီလာအသင်းတို့ကို ၄ မှတ်သာ ဖြတ်ထားနိုင်တော့ ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးခြင်း ခံထားရတဲ့ ကာရစ်ဟာ သူ့ရဲ့ ပထမဆုံးပွဲမှာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို အာဆင်နယ်အသင်း ကိုလည်း အနိုင်ရလဒ် ရယူပေးခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဖလား ပြိုင်ပွဲတွေကနေ ထွက်ခွာထားရလို့ ရာသီကုန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် မိုက်ကယ်ကာရစ်က လက်ကျန်ပွဲတိုင်းကို အာရုံစိုက်ဖို့ အရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

ဒါ့ပြင် မိုက်ကယ်ကာရစ်က ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြရာထူးနဲ့ပတ်သက်ပြီး သူအပတ်တိုင်း ဖြေနေမှာ မဟုတ်ဘဲ သူလုပ်နိုင်သလောက် ဆက်ပြီး လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN