CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၁
ယူနိုက်တက်အသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာကနေပြန်လာနိုင်ချိန်မှာ နောက်ထပ် ဆုတ်ယုတ်မှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အက်စတွန်ဗီလာအသင်းနဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ် ရှိနေပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ နည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ အဓိကဗဟိုနောက်ခံလူ အဖြစ် ရှိခဲ့ပြီး ပထမဆုံး ၅ ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တာပါ။
ဒါပေမယ့် အာဂျင်တီးနားနောက်ခံလူဟာ ပြီးခဲ့တဲ့လက လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေသလုံးဒဏ်ရာရခဲ့တာ ကြောင့် ယူနိုက်တက်အသင်းရဲ့နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့ပါတယ်။

ကစားသမား လီဆန်ဒရိုမာတီနက်ဇ်ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းကတော့ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ လီဆန်ဒရိုမာတီနက်ဇ် ပြန်ပါဝင်နိုင်ဖို့ မျှော်လင့် ထားပေမယ့် Daily Mail က သူဟာ ဒီပွဲကိုလွဲချော်မယ်လို့ဖော်ပြထားတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ ဗဟိုနောက်ခံလူအတွဲအဖက်အဖြစ် မက်ဂွဲယားနဲ့ယိုရိုကို ဆက်ပြီး အသုံးပြုဖို့ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအခြေအနေမှာ လီဆန်ဒရိုမာတီနက်ဇ်ကို အလျင်စလိုအသုံးပြုဖို့မရှိသေးဘဲ ကြံ့ခိုင်မှုအပြည့်အဝပြန်ရရှိအောင် သတိထားပြီးကိုင်တွယ်ဖို့ဆုံးဖြတ်ထားတာပါ။
ယူနိုက်တက်အသင်းရဲ့ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ဒီလစ်ကလည်း အနားယူနေရတဲ့အတွက် နည်းပြ မိုက်ကယ်ကာရစ်ဟာ ဗဟိုခံစစ်အတွက် ရွေးချယ်စရာ ရှားပါးနေပါတယ်။

နည်းပြမိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
နယ်သာလန် နောက်ခံလူဒီလစ်ဟာ နောက်ကျောဒဏ်ရာကြောင့် ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရပြီး အရေးကြီးတဲ့ကာလကို ရောက်ရှိနေတဲ့ အချိန်မှာ ဒေါ်ဂူ၊မေဆန်မောင့်နဲ့မက်ဇရာအူရီတို့ကလည်း ဒဏ်ရာရရှိနေပါတယ်။
ယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့ရင် အဆင့် ၃ နေရာမှာဆက်ပြီး ရပ်တည်ကာ သူ့အောက်မှာရပ်တည်နေတဲ့ အသင်းတွေကို အမှတ်ထပ်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
