CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရဲ့အားကစားနဲ့လူငယ်ရေးရာဝန်ကြီး အာမက်ဒွန်ယာမာလီက အတည်ပြုခဲ့ပါတယ်။
အာမက်ဒွန်ယာမာလီက “ကျနော်တို့ဟာ ဘယ်လိုအခြေအနေမျိုးမှာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ သင့်တော်တဲ့အခြေအနေမရှိပါဘူး။ ကျနော်တို့ရဲ့ကောင်လေးတွေ ဘေးကင်းလုံခြုံမှုရှိမှာမဟုတ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်ဖို့ အခြေအနေမရှိပါဘူး။ ပြီးခဲ့တဲ့ ၈ လ ဒါမှမဟုတ် ၉ လအတွင်းမှာ ကျနော်တို့အပေါ်စစ်ပွဲ ၂ ခုဖြစ်ခဲ့ပြီး ကျနော်တို့ပြည်သူ ထောင်ပေါင်းများစွာသေဆုံးခဲ့ကြပါတယ်။ ဒါကြောင့် ကျနော်တို့ဒီပြိုင်ပွဲမှာ ပါဝင်ဖို့အခွင့်အလမ်းလုံးဝမရှိဘူး”လို့ IRIB Sports Network နဲ့အင်တာဗျူးမှာ ပြောခဲ့တာပါ။
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊နယူးဇီလန်၊အီဂျစ်အသင်းတို့နဲ့တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခြင်းခံရပြီးကတည်းက အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့မသေချာတော့တာပါ။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အကြီးအကဲအင်ဖန်တီနိုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် အီရန်အသင်းကို ကြိုဆိုမယ်ဆိုပြီး သူ့ကိုပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အီရန်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် အီရန်နိုင်ငံရဲ့အားကစားနဲ့လူငယ်ရေးရာဝန်ကြီးကတော့ သူတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ အခြေအနေမရှိဘူးလို့ ပြောခဲ့တာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ အီရန်အသင်းရဲ့နေရာမှာ ဘယ်အသင်းနဲ့အစားထိုးမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒီလထဲကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပလေးအော့ဖ်ကစားရမယ့် အီရတ်အသင်း ဒါမှမဟုတ် ပလေးအော့ဖ်ဝင်ခွင့်လွဲခဲ့တဲ့ ယူအေအီးအသင်းတို့ ၂ သင်းထဲက ၁ သင်းကို အီရန်အသင်းရဲ့နေရာမှာ အစားထိုးဖို့ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
ဒါပေမယ့် ဖီဖာရဲ့စည်းမျဉ်းတွေအရ အစားထိုးမယ့်နိုင်ငံအသင်းဟာ တူညီတဲ့အဖွဲ့ချုပ်က ဖြစ်ဖို့မလိုအပ်ဘူးလို့ ဖော်ပြထားတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ရက်ပေါင်း ၉၀ ကျော်သာလိုတော့တဲ့အတွက် ဖီဖာအနေနဲ့ အီရန်အသင်းရဲ့နေရာမှာ အစားထိုးဖို့ အမြန်ဆုံးလုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။
