CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၁
အေစီမီလန်အသင်း ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းဟောင်း ရီးရယ်လ်အသင်းထံ ပြန်ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေကို တုန့်ပြန်ခဲ့ပါတယ်။
မိုဒရစ်က “အယ်လီဂရီနဲ့ ကျနော်က ရီးရယ်လ်ကိုလား၊ ကောလာဟလတွေက အမြဲတမ်းရှိနေပြီး ကျနော်ဒါကိုစိတ်မဝင်စားပါဘူး။ ကျနော်မီလန်မှာ အလွန်ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၄၀ နှစ်အရွယ်ရှိ မိုဒရစ်ဟာ ပြီးခဲ့တဲ့နှစ်ဇွန်လမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး အေစီမီလန် အသင်းထံ အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
မိုဒရစ်ဟာ အေစီမီလန်အသင်းမှာ ခြေစွမ်းပြသနေပေမယ့် ရီးရယ်လ်အသင်းကတော့ သူထွက်ခွာပြီးနောက် ကွင်းလယ်ပိုင်းမှာ အနည်းငယ်ရုန်းကန်နေရတာပါ။
အဲဒါကြောင့် နွေရာသီမှာကွင်းလယ်ပိုင်းကို အားဖြည့်လာမယ့် ရီးရယ်လ်အသင်းဟာ မိုဒရစ်ကို ပြန်ခေါ်ယူဖို့ကြိုးပမ်းနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကစားသမား မိုဒရစ်ကိုတွေ့ရစဉ်
ဒါပေမယ့်မိုဒရစ်ကတော့ ဒီထင်ကြေးတွေကို လျှော့ချပစ်ခဲ့ပြီး မီလန်အသင်းအတွက် အပြည့်အ ဝကတိကဝတ် ပြုထားတာဖြစ်ပါတယ်။
မိုဒရစ်အပြင် အေစီမီလန်အသင်းနည်းပြ အယ်လီဂရီလည်း ရီးရယ်လ်အသင်းနဲ့သတင်းတွေထွက်နေတာပါ။
အယ်လီဂရီဟာ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်မှာ ရီးရယ်လ်အသင်းနည်းပြလာဖို့နီးစပ်မှုတွေရှိခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အခုအချိန်မှာလည်း အယ်လီဂရီဟာ မီလန်မှာပျော်ရွှင်နေပြီး ၂၀၂၇ ခုနှစ်အထိစာချုပ်ရှိတယ်လို့ ပြောခဲ့တာပါ။
ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၃၀ ကစားထားပြီး ၂ ဂိုးသွင်းယူထားတဲ့ မိုဒရစ်ဟာ အသင်းနဲ့စာချုပ် ၁ နှစ်ပဲချုပ်ထားပေမယ့် နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ရှိနေပါတယ်။
အေစီမီလန်အသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ အဆင့် ၁ နေရာက အင်တာမီလန်အသင်းနဲ့ ၇ မှတ်အကွာ အဆင့် ၂ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
