CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀

မိုဒရစ်က ရီးရယ်လ်အသင်းဟာ အဓိက ကွင်းလယ်လူ ကတ်စမဲရိုးကို ယူနိုက်တက်အသင်းထံ ရောင်းချခဲ့ရပေမယ့် အသင်းထိခိုက်မှာမဟုတ်တဲ့အကြောင်းကို ပြောပြလိုက်ပါတယ်။

မိုဒရစ်က “ဒီနှစ်မှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ စတင်ခဲ့ပြီး အားကောင်းတဲ့အသင်းလည်း ရှိခဲ့ပါတယ်။ ကွင်းလယ်မှာ အရေးပါတဲ့ ကတ်စမဲရိုးကို ဆုံးရှုံးခဲ့ရပေမယ့် သူ့နေရာမှာ အစားထိုးဖို့နဲ့ ကောင်းမွန်တဲ့ အလုပ်တွေ လုပ်ဆောင်ဖို့အတွက် အခြားကစားသမားတွေအများကြီး ရှိပါတယ်။ချူအာမန်နီကလည်း အသင်းနဲ့ ကောင်းမွန်စွာ လိုက်လျောညီထွေမှုရှိပါတယ်။ကာမာဗင်ဂါအတွက် ဒုတိယရာသီဖြစ်ပြီး တိုနီကရူးစ်ကလည်း ဒီမှာရှိတာကြာပါပြီ။ ဗယ်ဗာဒီဟာ ဘယ်လိုအခြေအနေမှာမဆို ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။ ဆီဘယ်လော့စ်ကလည်း အသင်းကို အများကြီးအကူအညီပေးနေတယ်လို့” ရီးရယ်လ်ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။

ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းထံ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ကတ်စမဲရိုး၊ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ ၃ ဦးဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်အတွဲ အဖက်အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ကတ်စမဲရိုး ထွက်ခွာသွားလို့ ရီးရယ်လ်အသင်း ထိခိုက်နိုင်တယ်လို့ ပြောနေကြပေမယ့် မိုဒရစ်ကတော့ ဒါကို ငြင်းဆန်ခဲ့ပြီး သူတို့ကို ထိခိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကတ်စမဲရိုး၊ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ ၃ ဦးဟာ စပိန်ကလပ် ဆုဖလားအများအပြား ရရှိခဲ့ရာမှာ အဓိက စွမ်းဆောင် ပေးခဲ့ကြတာပါ။ရီးရယ်လ်အသင်းဟာ အခုနှစ်ရာသီအစကို ကောင်းမွန်စွာစတင်နေပြီး ပြိုင်ပွဲအားလုံး အနိုင်ရရှိ ထားပါတယ်။

အသစ်ခေါ်ယူထားတဲ့ ချူအာမန်နီကလည်း လာလီဂါ ၄ ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ၁ ဂိုး ဖန်တီး ထားတာဖြစ်ပါတယ်။ရီးရယ်လ်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။

ကတ်စမဲရိုးကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းအတွက် ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Source:goal