CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁

အက်သလက်တီကိုအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ အမှားအယွင်းတွေပြုလုပ်ခဲ့တာကြောင့် ပွဲချိန် ၁၇ မိနစ်မှာလူစားလဲခံခဲ့ရတဲ့ စပါးအသင်းဂိုးသမားကင်စကီးကို ယူနိုက်တက်အသင်းဂိုးသမားဟောင်းဒီဂီယာက နှစ်သိမ့်အားပေးခဲ့ပါတယ်။ 

စပါးအသင်းဟာ ဒီရာသီရဲ့ပွဲအများအပြားမှာ အီတလီဂိုးသမားဗီကာရီယိုကိုသာ ပွဲထွက်အသုံးပြုပေမယ့် အက်သလက်တီကိုအသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ နည်းပြတူဒေါက ချက်ဂိုးသမားကင်စကီးကို ပွဲထွက်အသုံးပြုခဲ့တာပါ။ 

ဒီပွဲမှာ စပါးအသင်းဟာ ပွဲချိန် ၁၅ မိနစ်အတွင်း အက်သလက်တီကိုအသင်းကို ၃ ဂိုးခွင့်ပြုခဲ့ရပြီး ၂ ဂိုးက ကင်စကီးရဲ့အမှားတွေကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် နည်းပြတူဒေါဟာ ပွဲချိန် ၁၇ မိနစ်မှာ ကင်စကီးကို ဗီကာရီယိုနဲ့လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကွင်းထဲကနေ ထွက်ခွာချိန်မှာ အသင်းဖော်တချို့ရဲ့နှစ်သိမ့်မှုကိုရခဲ့တဲ့ ကင်စကီးဟာ ဝမ်းနည်းစွာနဲ့ဥမင်ထဲကို တန်းဝင်သွားခဲ့တာဖြစ်ပါတယ်။ 

စပါးအသင်းကိုတွေရစဉ်

ကင်စကီးဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲတစ်ပွဲမှာ သွင်းဂိုး ၃ ဂိုးကို စောစီးစွာခွင့်ပြုခဲ့ရတဲ့ ဂိုးသမားဖြစ်ခဲ့သလို အစောဆုံးဂိုးသမားလူစားလဲမှုအဖြစ်လည်း မှတ်တမ်းဆိုးရခဲ့တာပါ။ 

ဖီအိုရင်တီးနားအသင်းမှာကစားနေတဲ့ ဒီဂီယာက “ဂိုးသမားမဖြစ်ဖူးတဲ့သူတိုင်း ဒီနေရာမှာကစားရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ နားလည်နိုင်မှာမဟုတ်ပါဘူး။ ခေါင်းမော့ထားပြီး ထပ်ကြိုးစားပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

အက်သလက်တီကိုအသင်းနဲ့ပွဲကြီးပွဲကောင်းမှာ ကင်စကီးကို အသုံးပြုခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စပါးအသင်းနည်းပြတူဒေါဟာ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ 

တူဒေါကတော့ “ကင်စကီးဟာ ဂိုးသမားကောင်းတစ်ဦးဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ ပွဲကြီးမှာအမှားတွေဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။ ဒါ့အပြင်တူဒေါက ကင်စကီးဟာ သူ့ရဲ့အမှားတွေအတွက်တောင်းပန်ခဲ့ပြီး အသင်းက သူနဲ့အတူတူရှိနေပါတယ်လို့” ပြောခဲ့တာပါ။ 

နည်းပြတူဒေါလက်ထက်မှာ ၄ ပွဲစလုံးအရေးနိမ့်ထားတဲ့ စပါးအသင်းဟာ အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ ၆ ပွဲဆက်အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကိုရရှိခဲ့ပါတယ်။