CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းထံ ရောင်းချဖွယ်မရှိဘူးလို့ ဘီဘီစီ အပါအဝင် ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြထားပါတယ်။ 

ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် ရော်ဘတ်ဆန်အတွက် စပါးအသင်းရဲ့ ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းဟာ စဉ်းစားမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရှေ့ဆက်မသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ကလပ်အသင်း ၂ သင်းဟာ အပြောင်းအရွှေ့ ဖြစ်လာနိုင်တဲ့ မူအရ သဘောတူညီမှု ရခဲ့ကြပါတယ်။ 

ဒါပေမယ့် ဒီသဘောတူညီမှုထဲမှာ လီဗာပူးလ်အသင်းဟာ ရိုးမားအသင်းထံ အငှားချထားတဲ့ ဆီမီကက်စ်ကို ပြန်လည် ခေါ်ယူနိုင်မှုအပေါ် မူတည်ခဲ့ပြီး ဒါကလည်း အခုအချိန်ထိ ဖြစ်လာခြင်း မရှိသေးပါဘူး။ 

ဘုန်းမောက်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဂိုးမက်ဇ် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ရော်ဘတ်ဆန်ကို တွေ့ရစဉ်

စကော့တလန်အသင်း ခေါင်းဆောင်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ပုံမှန်ကစားခွင့် ရချင်နေပေမယ့် စပါး အသင်းထံ အပြောင်းအရွှေ့ကို တွန်းအားပေးခြင်းမရှိတာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ဟားလ်စီးတီးအသင်းကနေ ရောက်လာခဲ့တဲ့ ရော်ဘတ်ဆန်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၃၆၀ ကျော်ကစားထားပြီး ပရီးမီးယားလိဂ် ၂ ကြိမ်၊ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၉ ခု ရယူထားနိုင်ခဲ့ပါတယ်။ 

နည်းပြဟောင်း ကလော့ပ် လက်ထက်မှာ အဓိက ဦးစားပေးဖြစ်ခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ဒီရာသီနည်းပြ အာနီ ဆလော့ လက်ထက်မှာ အရန်ကစားသမားအဖြစ်သာ ပါဝင်နေရတာ ဖြစ်ပါတယ်။ 

ဘုန်းမောက်အသင်းနဲ့ပွဲအပြီးမှာ လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က ရော်ဘတ်ဆန်ကို အသင်းရဲ့ အလွန် အရေးကြီးတဲ့ သူတစ်ဦးလို့ ခေါ်ကာ သူ့ကိုအသင်းမှာ ဆက်နေစေချင်တယ်လို့ ပြောခဲ့ပါတယ်။ 

လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

Source: BBC