CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆
ပေါ်တူဂီနဲ့ ယူနိုက်တက်အသင်း တောင်ပံကစားသမားဟောင်း နာနီဟာ အနားယူတာကနေ ပြန်လာပြီး ကာဇက်စတန်ကလပ် FC Aktobe အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ နာနီဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာပါ။
အခုအချိန်မှာတော့ နာနီက FC Aktobe အသင်းထံ ရောက်ရှိခဲ့တဲ့အတွက် ပျော်ရွှင်ပြီး ကာဇက်စတန်နိုင်ငံရဲ့ ကလပ်အသင်းနဲ့ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
နာနီဟာ FC Aktobe အသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ခဲ့ပြီး စာချုပ်ထဲမှာ ကလပ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွင်း တိုးချဲ့ထားတဲ့ အခန်းကဏ္ဍလည်း ပါဝင်တယ်လို့ ကာဇက်စတန်ကလပ်က ပြောခဲ့တာပါ။

နာနီကို တွေ့ရစဉ်
FC Aktobe အသင်းဟာ ပြီးခဲ့တဲ့ရာသီ ကာဇက်စတန် ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာနဲ့ ရာသီသိမ်းပြီး ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။
FC Aktobe အသင်းဟာ ကာဇက်စတန် ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ် ရယူနိုင်ခဲ့ပြီး ကာဇက်စတန်ဖလားနဲ့ စူပါဖလားတို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။
နာနီဟာ ၂၀၀၇ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့ပြီး ၈ ရာသီကြာ ရှိခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။
နာနီဟာ ဖီနာဘာချီ၊ ဗလင်စီယာ၊ လာဇီယို၊ အော်လန်ဒိုစီးတီး၊ ဗီနီဇီယာ၊ မဲလ်ဘုန်းဗစ်ထရီနဲ့ အဒါနာဒီမာစပေါ် အသင်းတွေမှာလည်း ကစားခဲ့တာပါ။
နာနီဟာ ပေါ်တူဂီအသင်းအတွက် ၁၁၂ ပွဲ ကစားခဲ့ပြီး ၂၄ ဂိုးသွင်းယူကာ ယူရို ၂၀၁၆ ဖလား ရယူနိုင်ခဲ့ပါတယ်။
Source: BBC
