CNI International News

မော်စကို၊ ဒီဇင်ဘာ ၂၁

ဖင်လန်နှင့် အမေရိကန်အကြား ကာကွယ်ရေးသဘောတူစာချုပ် အသစ်တစ်ခု ချုပ်ဆိုခဲ့မှုကို ဆန့်ကျင်ရန် ရုရှားက ဒီဇင်ဘာ ၁၉ ရက်တွင် ဖင်လန် သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ပြီး ထိုစာချုပ်ကို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဖင်လန်နှင့် အမေရိကန်အကြား သဘောတူညီချက်အရ ရုရှားနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဖင်လန်နိုင်ငံ၏ နယ်စပ်ဒေသတစ်လျှောက်တွင် အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လှုပ်ရှားခွင့် ရရှိမည်ဖြစ်သည်။

ရုရှားအနေဖြင့် မိမိတို့ နယ်စပ်ဒေသတစ်လျှောက် နေတိုး၏ စစ်အင်အား တည်ဆောက်မှု အလားအလာကို ခွင့်ပြုမည်မဟုတ်ဘဲ ထိုအခြေအနေသည် မိမိတို့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း၊ မိမိတို့အနေနှင့် ဖင်လန်နှင့် ၎င်း၏ နေတိုးမဟာမိတ်များ၏ ရန်လိုသည့် ဆုံးဖြတ်ချက်များကို တန်ပြန်ရန် လိုအပ်သည့် အစီအမံ များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကို တွေ့ရစဉ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဖင်လန်သည် ဧပြီ ၄ ရက် တွင် နေတိုးမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်အသစ်ဖြစ်လာခဲ့သည်။ 

ဒီဇင်ဘာ ၁၈ ရက်က ဖင်လန်နှင့် အမေရိကန်အကြား သဘောတူညီချက်အရ ပဋိပက္ခဖြစ်ပွားလာခဲ့သည့် အခြေအနေတွင် အမေရိကန်သည် ဖင်လန်ကို စစ်ရေးကူညီထောက်ပံ့မှုများအား လျင်မြန်စွာ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။ 

ထိုသဘောတူညီချက်တွင် လေတပ်စခန်း ၄ ခုနှင့် စစ်ဘက်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု အပါအဝင် ဖင်လန်ရှိ အဆောက်အအုံများနှင့် နေရာဒေသ ၁၅ ခု၌ အမေရိကန်စစ်တပ်က ဝင်ရောက်လှုပ်ရှားခွင့်နှင့် လက်နက်ပစ္စည်း များ၊ ခဲယမ်းများ သိုလှောင်ခွင့် ရရှိမည်ဖြစ်သည်။
အမေရိကန်သည် အရှေ့ဥရောပနိုင်ငံ အများစုနှင့််လည်း အလားတူ သဘောတူညီချက်များ ရရှိထားသည်။ 

ရုရှားအစိုးရကမူ ထိုသဘောတူညီချက်သည် မိမိတို့အတွက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဖြစ်ပြီး ရုရှားနှင့် ဖင်လန်အကြား တင်းမာမှုများ မြင့်တက်စေနိုင်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

Source: ရိုက်တာ