CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းနှင့် နစက အဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဇူလိုင် ၂၇ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းကို တွေ့ရစဉ်

တရုတ်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ပထမဆုံး လာရောက်ခဲ့ပြီး ယခု ခရီးစဉ်သည် သုံးကြိမ်မြောက်ဖြစ်သည်။

လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA )နှင့် တပ်မတော်ကြားလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် တပ်မတော်ကြားလည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာထားမှု သက်တမ်းတိုးထားသည့် ကာလသည် ဇူလိုင် ၃၁ ရက် နေ့တွင် ပြည့်မည်ဖြစ်၍ နောက်ထပ် သက်တမ်း ၆ လ တိုး၊မတိုး အခြေအနေမှာ တရုတ်အထူးကိုယ်စားလှယ် ရောက်ရှိလာခြင်း ဖြစ်သည်။