CNI International News

အတ္တလန္တာ၊ ဇွန်လ ၂၂

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ဒီမိုကရက်တစ် ပါတီဝင်များသည် ပြည်နယ် လွှတ်တော်အမတ် ဘီးငုယင် (Bee Nguyen) ကို ၎င်းတို့ပြည်နယ်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်လျာထားခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

ဂျော်ဂျီယာ၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်အပေါ် လိမ်လည် လှည့်ဖြားမှုများ ရှိခဲ့သည်ဟု မဲဆန္ဒရှင်များ တိုင်ကြားကြ ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဘီးငုယင်အတွက် အရေးပါသည့် ရာထူးရွေးချယ်မှု ပေါ်ပေါက်လာခဲ့သည်။

ငုယင်သည် ပြည်နယ်လွှတ်တော် အမတ်ဟောင်း ဒီးဒေါ်ကင်စ်ဟိုဂလာ (Dee Dawkins Haigler) နှင့် ဇွန်လ ၂၁ ရက်က ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရာ အနည်းအငယ် အသာစီးဖြင့် အနိုင်ရသွားခဲ့သည်။ ၎င်းသည် ရီပတ်ဘလစ်ကန်မှ လက်ရှိ နိုင်ငံခြား ရေးဝန်ကြီး ဘရတ်ရာဖင်စပါဂါ (Brad Raffensperger) ကို လာမည့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံ စိန်ခေါ်ရန် ပြင်ဆင်ထားသည်။

“ကျမတို့ ပြည်နယ်ရဲ့သမိုင်းမှာ ပထမဆုံးအနေနဲ့ အာရှနွယ်ဖွား အမေရိကန် နိုင်ငံသူတစ်ဦးဟာ ပြည်နယ်တဝန်းအတွက် လျာထားခံရတော့မှာ ဖြစ်ပါတယ်” ဟု ဗီယက်နမ်မှ အမေရိကန်သို့ ပြောင်းရွှေ့ နေထိုင်သူတစ်ဦး၏ သမီးဖြစ်သူ ငုယင်က သူမအား ထောက်ခံသူများကို ဇွန်လ ၂၁ ရက်၊ ညပိုင်းတွင် ပြောကြားခဲ့သည်။

အမတ်ဟောင်း ဒီးဒေါ်ကင်စ်ဟိုဂလာနဲ့ ငုယင်ကိုတွေ့ရစဉ်

“ဒီမဲဆွယ်တဲ့ လမ်းကြောင်းကို ၁၄ လကြာအောင် လျှောက်လှမ်းဖို့ မေးခွန်းကတော့ အာရှနွယ်ဖွား ကိုယ်စားလှယ်လောင်းကို ဂျော်ဂျီယာသူ၊ ဂျော်ဂျီသားတွေ မဲပေးကြမှာလားဆိုတာပါ။ အဖြေကတော့ ဟုတ်ပါတယ်ပေါ့။ ဂျော်ဂျီယာပြည်နယ်သူ၊ ပြည်နယ်သားတွေ တကယ်ပဲ မဲပေးကြတော့မှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရီပတ်ဘလီကန် အမတ်များသည် ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်ခြင်း မရှိသော်လည်း ကွန်ဂရက်(ပြည်နယ်လွှတ်တော်) ၄ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထရမ့်သည် ထိုသို့ ယှဉ်ပြိုင်မှု နှစ်ကြိမ်စလုံးအတွက် ၎င်း၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံခဲ့သော်လည်း ၎င်းတို့ နှစ်ဦးမှာ ရှုံးနိမ့်သွားခဲ့သည်။

အတ္တလန္တာမြို့၏ အရှေ့ဘက်ရှိ လွှတ်တော်ခရိုင် မဲဆန္ဒနယ်တွင် ၁၀ ကြိမ်မြောက် ယှဉ်ပြိုင်မှု ပြုလုပ်ခဲ့ရာတွင်တော့ ကုန်တင် ယာဉ် ကုမ္ပဏီပိုင်ရှင် မိုက်ကော်လင်းက ဒီမိုကရက်တစ် အမတ်ဟောင်း ဗာနွန်ဂျုံးစ်ကို အနိုင်ခဲ့သည်။ မိုက်ကော်လင်းသည် ရီပတ်ဘလစ်ကန် အမတ်များထဲမှ ဆန်ခါတင် အရွေးချယ်ခံရရန် တကျော့ပြန် ယှဉ်ပြိုင်ရာ၌ ထရမ့်က ထောက်ခံ အားပေးခဲ့ သူ ဖြစ်သည်။