CNI International News

မော်စကို၊ ဩဂုတ် ၃၀

ယူကရိန်းစစ်ပွဲအတွင်း မော်စကိုနှင့်ဘေဂျင်းတို့၏ပိုမိုနီးကပ်သောကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို ပြသရန် အတွက် တရုတ်နိုင်ငံမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း ရုရှားက ပြောကြား ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဗော့စတော့ ၂၀၂၂ (Vostok 2022-East 2022) ဟု ခေါ်ဆိုထားပြီး လာမည့် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ ရုရှားနိုင်ငံအရှေ့ဖျားနှင့် ဂျပန်ပင်လယ်အတွင်း နေရာအသီးသီး၌ လေ့ကျင့် သွားမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၅၀,၀၀၀(ငါးသောင်း)နှင့် လက်နက်အမျိုးအစား ၅,၀၀၀(ငါးထောင်)ကျော်၊ လေယာဉ်အစင်း ၁၄၀၊ စစ်သင်္ဘောအစင်း ၆၀ တို့ ပါဝင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန် ခဲ့သည်။

ထိုအကြီးစား စစ်ရေး လေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်သောအားဖြင့် ရုရှားနိုင်ငံသို့ တရုတ်တပ်များ ရောက်ရှိ လာသည့် ဗွီဒီယိုဖိုင်ကိုလည်း ဆက်လက် ထုတ်ပြန်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုကို ရုရှားအရှေ့ပိုင်း ဒေသများတွင် ပစ်ခတ်တိုက်ခိုက်ရေး သင်ခန်းစာ ၇ နေရာခွဲ၍ ပြုလုပ်မည် ဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းများ၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မွန်ဂိုလီးယား၊ နီကာရာဂွါနှင့် ဆီးရီးယားတို့မှ တပ်များလည်း ပါဝင်ကြမည်ဟု သိရသည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

လေ့ကျင့်နေစဉ်အတွင်း ရုရှားလေကြောင်း ချီတပ်များ၊ တာဝေးပစ် ဗုံးကြဲလေယာဉ်များနှင့် စစ်ရေးထောက်ပို့ လေယာဉ်များကလည်း အခြားတပ်များနှင့်အတူ ပူးပေါင်း လေ့ကျင့်ကြမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းတွင် စစ်ရေးပဋိက္ခ ဆက်လက် ဖြစ်ပွားနေသော်လည်း ယခုစစ်ရေး လေ့ကျင့်မည့် အစီအစဉ် ကို ယခင်လ၌ ပထမဆုံး ကြေညာခဲ့သည်။ ၎င်း၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော ယူကရိန်းစစ်ပွဲတွင် တော့ တပ်ဖွဲ့ဝင် အရေအတွက် မည်မျှပါကြောင်း ကရင်မလင် သမ္မတနန်းတော်က ထုတ်ဖော်ခြင်း မရှိပေ။

ယခု စစ်ရေး လေ့ကျင့်မည့် အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ဂျပန် ပင်လယ် ထဲရှိ ရုရှားနှင့်တရုတ် ရေတပ်များ ပင်လယ်ရေကြောင်း ကူးသန်းသွားလာရေး၊ အဏ္ဏဝါ သယံဇာတ စီးပွားရေး နယ် မြေ များနှင့် ကမ်းရိုးတန်းတလျှောက် ကြည်းတပ်များ ပံ့ပိုးကူညီရေးတို့ကို ပေါင်းစပ် လေ့ကျင့်သွားမည်ဖြစ်သည်။

“ဒီစစ်ရေး လေ့ကျင့်မှုဟာ သီးခြားနိုင်ငံတွေ (ဒါမှမဟုတ်) စစ်ရေး မဟာမိတ်တွေကို ဦးတည်တာ မဟုတ်ဘဲ ကာကွယ်ရေး သက်သက်ပဲ ဖြစ်ပါတယ်” ဟု ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဖိုမင် (Alexander Fomin) က နိုင်ငံခြားစစ်သံမှူးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်ပင်လယ်၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းနေရာများ ပါဝင်မည်ဟုလည်း ၎င်း က ထပ်လောင်း ပြောကြားခဲ့သည်။

Source: Aljazeera