CNI International News

ဝါရှင်တန်၊ ဩဂုတ် ၃၀

သင်္ဘောဖျက် ဒုံးကျည်အစင်း ၆၀ နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်အစင်း ၁၀၀ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်နေ သည့် ထိုင်ဝမ်ကျွန်းသို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ တန်ဖိုးခန့် လက်နက်များ ရောင်းချပေးရန် လွှတ်တော် (ကွန်ဂရက်)သို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တောင်းဆိုဖို့ စီစဉ်နေကြောင်း ပေါ်လစ်တီကို (Politico) မီဒီယာ၏ သတင်းဖော်ပြချက်ကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ဒေါ်လာ ၃၅၅ သန်းတန်ဖိုးရှိ AGM-84L Harpoon Block II ဒုံးကျည်အစင်း ၆၀၊ ဒေါ်လာ ၈၅ ဒသမ ၆ သန်း တန်ဖိုးရှိ AIM-9X Block II Sidewinder နည်းဗျူဟာသုံး ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်အစင်း ၁၀၀၊ ရေဒါ ထောက်လှမ်း စောင့်ကြည့်ရေး စာချုပ် သက်တမ်းတိုးရန်အတွက် ဒေါ်လာ ၆၅၅ ဒသမ ၄ သန်းတို့ကို ရောင်း ချပေးရန် စီစဉ်နေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူ ၃ ဦးက ထုတ်ဖော် ပြောကြားခဲ့ကြသည်။

Sidewinder ဒုံးကျည်များကို တိုင်ပေ၏ အမေရိကန်လုပ် F-16 တိုက်လေယာဉ်များတွင် လက်နက်အဖြစ် တပ်ဆင် အသုံးပြုမည်ဖြစ်သည်။

ဘေဂျင်းက တောင်းဆိုလျက်ရှိသော ထိုင်ဝမ်ကျွန်းသည် ဒေသတွင်း၌ အတက်ကြွဆုံး ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အဖြစ် ရပ်တည်လျက်ရှိပြီး ထိုင်ဝမ်ကို ခုခံကာကွယ်နိုင်မည့် နည်းလမ်းများ ပေးအပ်ရန်အတွက် အမေရိကန်ဘက် မှ ဥပဒေဖြင့် ကန့်သတ် စီစဉ်ထားသည်။

ဘိုင်ဒန်က ထိုင်ဝမ်ကို ရောင်းပေးမည့် AGM-84L Harpoon Block II ဒုံးကျည် (GETTY IMAGES)

ယခုလဆန်းပိုင်း ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ခဲ့ပြီးနောက် ယခင်က ထိုင်ဝမ်ကို ထိန်းချုပ်ရန် အင်အားသုံးမည် မဟုတ်ဟု ငြင်းဆိုထားသော တရုတ်နှင့် အမေရိကန်တို့ တင်းမာမှု တိုးလာခဲ့သည်။

ထို့နောက် လက်နက်အသစ်များ ထိုင်ဝမ်သို့ ရောင်းချမည့် အစီအစဉ်ကို အမေရိကန်ဘက်မှ သတင်းထွက်ပေါ်လာ ခဲ့သည်။

ဩဂုတ် ၂၈ ရက်တွင် အမေရိကန်သည် ၎င်း၏ စစ်သင်္ဘောနှစ်စင်းကို ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်သန်း ခုတ် မောင်းခဲ့ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခြင်း လေ့ကျင့်မှုတစ်ခုဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ လက်နက်ရောင်းချမည့် အစီအစဉ်ကို ဘိုင်ဒန်အစိုးရက တရားဝင် ထုတ်ပြန်လိုက်ပြီးနောက် ကွန်ဂရက် (လွှတ်တော်)ရှိ နိုင်ငံခြားရေးရာကော်မတီထံမှ သဘောတူ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။

အမေရိကန် လွှတ်တော် အမတ်များအနေဖြင့် လက်နက်ရောင်းချမှုကို အတည်ပြုနိုင်မည်ဟု မျှော်လင့်ရကြောင်း ပေါ်လစ်တီကို မီဒီယာ၏ သတင်းအရ သိရသည်။

Source: Aljazeera