CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃

ထိုင်ဝမ်ကို မကြာမီ တရုတ်ကျူးကျော်မည့်အလားအလာကို မိမိ မတွေ့မိကြောင်း၊ တရုတ်သည် ၎င်းကျွန်းပတ်ပတ် လည်တွင် စစ်ရေးလှုပ်ရှားမှုများဖြင့် ပုံမှန်အလေ့အထသစ်တစ်ခုကို ဖော်ဆောင်ရန် ကြိုးစားနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Llyod Austin) က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းကို ကိုးကားလျက် CNA သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ပြီးခဲ့သည့်ဩဂုတ်လအစောပိုင်း၌ ထိုင်ဝမ်သို့ ရောက်ရှိ လာခဲ့ပြီးနောက် တရုတ်က ဒေါသတကြီးဖြင့် ကျွန်းအနီးတဝိုက် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ယခုနောက်ပိုင်း တရုတ်စစ်ရေးလေ့ကျင့်မှုများမှာ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားသော်လည်း ပုံမှန် လေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။

“မကြာမီ ကျရောက်လာတော့မယ့် ကျူးကျော်မှုမျိုး မတွေ့မိပါဘူး” ဟု အော်စတင်က CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ တွေ့တာကတော့ တရုတ်ဟာ ပုံမှန်အလေ့အထသစ်လို့ခေါ်တဲ့ လှုပ်ရှားမှုလုပ်ဆောင်ဖို့ ကြိုးစားနေ ပါတယ်။ အဲဒီလှုပ်ရှားမှုက တိုးလာတယ်။ သူတို့လေယာဉ်တွေနဲ့ ထိုင်ဝမ်ရေလက်ကြား အလယ်ခေါင်မျဉ်းကို ဖြတ်ကျော်ပျံသန်းတာ တွေ့ရတယ်။ အဲဒီပျံသန်းတဲ့အရေအတွက်က အချိန်နဲ့တပြေးညီ တိုးလာတယ်။ ထိုင်ဝမ် ကျွန်းတဝိုက်မှာလည်း သူတို့သင်္ဘောတွေ သွားလာခုတ်မောင်းနေကြတယ်” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(ဓါတ်ပုံ- ရိုက်တာ)

တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် တရုတ်စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သော အားဖြင့် ဒေသတွင်းတလျှောက် သင်္ဘောများ ခုတ်မောင်းခြင်း၊ လေယာဉ်များ ဝဲပျံခြင်းများ ပြုလုပ်နေသည်။
အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်းနှင့် ကနေဒါဖရီးဂိတ်သင်္ဘောတစ်စီးတို့သည် ထိုင်ဝမ်ရေလက်ကြားကို စက်တင်ဘာ ၂၀ ရက် ဖြတ်သန်းခုတ်မောင်းခဲ့သေးသည်။

လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းထားနိုင်ရန်အတွက် အမေရိကန်သည် ၎င်း၏ မဟာမိတ်များ၊ မိတ်ဖက်များနှင့် ဆက်လက်လက်တွဲသွားမည်ဖြစ်ကြောင်း အော်စတင်က CNN မှ ဖာရက် ဇာကာရီးယား GPS နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။၎င်းတို့အင်တာဗျူးကို စက်တင်ဘာ ၃၀ ရက်တွင် မေးမြန်းရိုက်ကူးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့သူ ကွန်မြူနစ်များနှင့် တရုတ်အစိုးရဟောင်းတို့ ပြည်တွင်းစစ် ဖြစ်ကြရာ ၁၉၄၉ ခုနှစ်တွင် အစိုးရဟောင်းချန်ကေရှိတ် စစ်ရှုံး၍ ကျဉ်းမြောင်းလှသော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းထွက်ပြေးကာ ကျွန်းပေါ်တွင် သီးသန့်နိုင်ငံတစ်နိုင်ငံ စတင်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ်အစိုးရနှင့် ယခင်တရုတ်ပြည်မကြီးအစိုးရဟောင်းတို့ စစ်ရေးတင်းမာမှု မကြာခဏရှိခဲ့ပြီး ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည်။

ယခုအခါ အမေရိကန်သည် ထိုင်ဝမ်ရော မိမိတို့အတွက် အရေးပါသည့် တရုတ်နိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်း အော်စတင်က အင်တာဗျူးတွင် ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Reuters, CNA