CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၁၀

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီရှန်ရှု (Li Zhanshu)က ထိုင်ဝမ်အရေးအား အသုံးချ၍ တရုတ်နိုင်ငံကို အကျပ်ကိုင်ရန် ကြိုးစားခြင်း ဝါရှင်တန်(အမေရိကန်) မအောင်မြင်ကြောင်း ပြောကြား ခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားထားသည်။

လီရှန်ရှုသည် ရုရှားဖက်ဒရေး ကောင်စီဥက္ကဋ္ဌ ဗလန်တီနာ မက်ဗီယန်ကို (Valentina Matiyenko) နှင့် စက်တင်ဘာ ၉ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တကယ်တော့ ထိုင်ဝမ်ကိစ္စဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အလေးအနက် ထားရတဲ့ ကိစ္စပါ။ အခု ထိုင်ဝမ်က အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ လွတ်လပ်ရေးယူဖို့ ကြိုးပမ်းနေပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို ဖြတ်သန်းဖို့ တရုတ်ကို အကျပ်ကိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ မအောင်မြင်ပါဘူး” ဟု လီရှန်ရှုက ပြောကြားခဲ့သည်။

အမေရိကန်၏ လုပ်ရပ်များသည် တရုတ်၏ အချုပ်အခြာအာဏာကို ထိပါးစေကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

လီရှန်ရှုနဲ့ ဗလန်တီနာ မက်ဗီယန်ကို (GETTY IMAGES)

“မကြာခင်က နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ အမေရိကန်အစိုးရရဲ့ ကတိသစ္စာ ကင်းမဲ့မှုကို ပြခဲ့ပါတယ်။ ဒီအဖွဲ့ ဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီးတော့ ကျနော်တို့ အချုပ်အခြာအာဏာကို ထိပါးသွားပါတယ်” ဟု လီရှန်ရှုက ရှင်းပြသည်။

တရုတ်သည် မော်စကို၏ “တရုတ်တစ်နိုင်ငံတည်း မူဝါဒ”ထောက်ခံပေးခြင်းအတွက် ကျေးဇူးတင်စကားလည်း ၎င်းက ပြောကြားခဲ့သည်။

“ကျနော်တို့ ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားရဲ့ မယိမ်းယိုင်တဲ့ ရပ်တည်ကို အင်မတန် ကျေးဇူးတင်ပါ တယ်”ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အောက်လွှတ်တော်အမတ် စတီဖင်မာဖီး ဦးဆောင်သော နောက်ထပ် အမေရိကန်လွှတ်တော် အဖွဲ့တစ်ဖွဲ့လည်း စက်တင်ဘာ ၇ ရက်၌ ထိုင်ဝမ်ကျွန်းပေါ် ရောက်လာခဲ့သည်။ ၎င်းတို့ခရီးစဉ်သည် ယခင်လ၌ နန်စီပလိုစီနှင့် အခြား အမတ်များ၏ ခရီးစဉ်အပြီး ဘေဂျင်းနှင့်ဝါရှင်တန် ဆက်ဆံရေးကို ပိုမိုတင်းမာလာစေခဲ့သည်။

အဆိုပါ ခရီးစဉ်များသည် မိမိတို့ပြည်တွင်းရေးကို ရန်စခြင်းနှင့် ဝင်ရောက်စွက်ဖက်ခြင်းအဖြစ် ဘေဂျင်းအစိုးရက မှတ်ယူ၍ ကျွန်းပတ်ပတ်လည်နှင့်ကျွန်းပေါ်သို့ ရေကြောင်း၊ လေကြောင်း စစ်ရေးလေ့ကျင့်မှုများ၊ ဒုံးကျည် ပစ်ခတ် မှုများဖြင့် တုံ့ပြန်ခဲ့သည်။

Source: တာ့စ်သတင်းဌာန