CNI International News

မက္ကစီကိုစီးတီး၊ စက်တင်ဘာ ၁၀

မကြာသေးမီက ဖွဲ့စည်းခဲ့သော အမျိုးသားအစောင့်တပ်ကို စစ်တပ်သို့ လွှဲပေးမည့် ဥပဒေကြမ်းအား မက္ကစီကို ဆီးနိတ်လွှတ်တော်ထဲတွင် စက်တင်ဘာ ၉ ရက်နေ့ အစောပိုင်း၌ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည်။

အမျိုးသားစောင့်တပ်ကို ၂၀၁၉ ခုနှစ်၊ မက္ကစီကိုနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်နှင့်အညီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၎င်းအင်အားစုကို အရပ်သားထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သည်။

သို့သော် လေ့ကျင့်ရေးနှင့် စုဆောင်းရေးလုပ်ငန်းအများစုကို စစ်တပ်မူဘောင်အတွင်းမှ ဆောင်ရွက်ခဲ့သည်။

အကျင့်ပျက်ခြစားမှုများကို တားဆီးရန်အလို့ငှာ အဆိုပါအစောင့်တပ်သည် ယခုအခါ စစ်တပ်၏ကွပ်ကဲမှု အောက်တွင်သာ ရှိနေရမည်ဖြစ်ကြောင်း သမ္မတ အန်ဒရီးမန်နွယ်လိုပက်ဇ်အိုဘရာဒေါ်က ပြောကြားခဲ့သည်။

ယင်းအစီအမံကို အောက်လွှတ်တော်(ကွန်ဂရက်)ကလည်း အတည်ပြုပေးခဲ့ပြီး သမ္မတက ဥပဒေအသက်ဝင် အောင် လက်မှတ်ရေးထိုးပေးတော့မည်ဟု မျှော်လင့်ရသည်။

မက္ကဆီကိုစီးတီးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဆင်ရေးနှင့် စီမံခန့်ခွဲရေးထိန်းချုပ်မှုအောက်တွင် အမည်ခံအရပ်သားအမျိုးသားအစောင့်တပ်အား ရွှေ့ပေးရန် သမ္မတ၏ အဆိုပြုချက်ကို ကန့်ကွက်သည့်အနေဖြင့် အထက်လွှတ်တော်သို့ ချီတက်ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

သို့သော် အဆိုပါအပြောင်းအလဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရပ်သားထိန်းချုပ်မှုဆိုင်ရာ အာမခံချက်ကို ချိုးဖောက်ခြင်းသာဖြစ်ကြောင်း အတိုက်အခံပါတီများက စွပ်စွဲခဲ့ကြပြီး တရားရုံးသို့ အယူခံဝင်မည်ဟု စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့ကြသည်။

“ဖွဲ့စည်းပုံပါ အာမခံချက်ကို ချိုးဖောက်တာဟာ တရားဥပဒေစိုးမိုးရေးကိုပါ ထိပါးတာဖြစ်တဲ့အတွက် အများ ပြည်သူလုံခြုံရေး မရရှိနိုင်ပါဘူး” ဟု အင်စတီကျူရှင်နယ်တော်လှန်ရေးပါတီမှ အထက်လွှတ်တော် အမတ် တစ်ဦးဖြစ်သူ ကလေဒီဘာအာနာယာမိုတာက ပြောကြားခဲ့သည်။ အတိုက်အခံပါတီများအနေဖြင့် တရားရုံးသို့ အယူခံဝင်ရန် အမြန်ဆုံး ဦးတိုက်လျှောက်ထားသွားမည်ဟု ကတိပြုခဲ့သည်။

၎င်းတို့တိုင်းပြည်၌ မကြာခဏအကျင့်ပျက်ခြစားခြင်း၊ လစာနည်းပြီး လေ့ကျင့်မှုမရှိသော အရပ်သားရဲတပ်ရင်း များကို အဆင့်မြှင့်ရေး၊ မူးယစ်ဂိုဏ်းနှင့်အကြမ်းဖက်ဂိုဏ်းနှိမ်နင်းရေးအတွက် စစ်တပ်ကို မှီခိုနေရခြင်းတို့မှ ကင်းလွတ်စေရန် လိုအပ်နေပြီဖြစ်ကြောင်း မက္ကစီကိုနိုင်ငံရေးသမားများက နှစ်အတန်ကြာအောင် သဘောတူ လက်ခံခဲ့ကြသည်။

သမ္မတ လိုပက်ဇ်အိုဘရာဒေါ်သည် စစ်သားများ၏ တာဝန်ဝတ္တရားဆိုင်ရာ သဘောသဘာဝအရ စစ်တန်းလျား သို့သာ ပြန်သွားရန် အစောပိုင်းက တိုက်တွန်းခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားခဲ့သည်။

Source: AP