CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၁၀

အာဏာရကွန်မြူနစ်ပါတီက မကြာမီ ကျင်းပမည့် ပြည်လုံးကျွတ် ပါတီညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ အခွင့်အာဏာကို ပိုမိုမြင့်မားလာစေမည်ဟု ဆင်ဟွာ သတင်းကို ကိုးကားလျက် South China Morning Post သတင်းစာက ရေးသားဖော်ပြသည်။

ယခင် ပါတီကွန်ဂရက် အစည်းအဝေးတွင် နောက်ဆုံး ပြန်လည်ပြင်ဆင်မှုတွင် ရှီ၏အမည်ကို လမ်းညွှန် အယူအဆ အဖြစ် သတ်မှတ်ပြီး ၅ နှစ်အကြာ ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အသေးစိတ် အချက်အလက်များကိုတော့ ဆင်ဟွာသတင်းတွင် ဖော်ပြထားခြင်းမရှိပေ။

ပါတီထိပ်ပိုင်း ဆုံးဖြတ်ချရေးအတွက် အဖွဲ့ဝင် ၂၅ ဦးပါ နိုင်ငံရေးဦးဆောင်အဖွဲ့(ပေါ်လစ်ဗျူရို) သည် စက်တင်ဘာ ၉ ရက်တွင် အစည်းအဝေးတစ်ရပ် ခေါ်ယူ၍ အဓိက ဦးစားပေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်းသာ ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

တရုတ်ကွန်မြူနစ်ပါတီ(GETTY IMAGES)

ယမန်နှစ် အောက်တိုဘာတွင် ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် ပြည်လုံးကျွတ်ပါတီ ညီလာခံတွင် ပါတီ၏ ပဋိညာဉ်ကို ပြင်ဆင်ရန် အတည်ပြုခဲ့သည်။

ကွန်ဂရက်ထဲတွင် ရှီကျင့်ဖျင်သည် ရှားရှားပါးပါး တတိယသက်တမ်း ဆက်လက် ထမ်းဆောင်မည့် နံပါတ်တစ် ထိပ်ဆုံး ခေါင်းဆောင်အဖြစ် တရားဝင် အတည်ပြုခဲ့ပြီးဖြစ်ရာ နောက်ပိုင်းတွင် ပါတီအတွင်း အပြောင်းအလဲ ကြီးကြီးမားမား စတင်မိတ်ဆက်မည်ဟု မျှော်လင့်ရသည်။

တရုတ်ကွန်မြူနစ်ပါတီသည် စည်းလုံးညီညွတ်စွာဖြင့် အတွေးအခေါ်၊ စည်းကမ်း၊ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာနိုင်ဖို့ ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ဟု အစီရင်ခံစာ တစ်စောင်အရ သိရသည်။

“မိမိတို့ ရင်ဆိုင်နေရသည့် အခြေအနေ သစ်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ကြောင်း၊ ထို ပြင်ဆင်မှုတွင် ပါတီ၏တာဝန်များ၊ နောက်ဆုံးပေါ် သီအိုရီနှင့် ဗျူဟာမြောက် အတွေးအခေါ်များကို ထည့်သွင်း ရမည် ဖြစ်ကြောင်း” အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ် ကွန်မြူနစ်ပါတီ အဆင့်ဆင့် ခေါင်းဆောင်များ (GETTY IMAGES)

 

ဖွဲ့စည်းပုံပြင်ဆင်မှု အပါအဝင် ပါတီညီလာခံသို့ တင်သွင်းမည့် လုပ်ငန်းစဉ် သုံးသပ်ချက်များကို လတ်တလော ရေးဆွဲ လျက်ရှိသည်။ ထို့ပြင် ပါတီတွင်း စည်းလုံးရေးနှင့် ပါတီဝင်များအကြား ခြိုးခြံချွေတာမှု မြှင့်တင်ရေးစသည့် နယ်ပယ်များကိုလည်း ခြုံငုံသုံးသပ်နေသည်။

သန်းနှင့်ချီသော ပါတီဝင်များကို အုပ်ချုပ်ရသည့် ပါတီပဋိညာဉ်တွင် ရှီ၏ အခွင့်အာဏာ အယူအဆကို ပိုမို တိုးတက် ကောင်းမွန်အောင် ထည့်သွင်းရေးဆွဲရန် ရည်ရွယ်ထားသည်။

အသက် ၆၉ နှစ်အရွယ်ရှိ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံတွင် မော်စီတုန်းနှင့် တိန့်ရှောင်ဖိန် နောက်ပိုင်း ဩဇာ တိက္ကမ အကြီဆုံး နိုင်ငံရေး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသည်။

၂၀၁၇ ခုနှစ် ပါတီညီလာခံတွင် “ခေတ်သစ်အတွက် တရုတ်ဝိသေသ လက္ခဏာများနှင့်အတူ ဆိုရှယ်လစ်စနစ် အပေါ် ရှီကျင့်ဖျင် အတွေးအခေါ်” ဖြည့်စွက်ထည့်သွင်းရန် ပါတီပဋိညာဉ်မူကို ပြင်ဆင်ခဲ့သည်။

Source: South China Morning Post