CNI International News

တိုင်ပေ၊ စက်တင်ဘာ ၉

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို တရုတ်က ၎င်းပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုနေ၍ တင်းမာ နေစဉ်အတွင်း တိုင်ပေမြို့တော်သို့ နောက်ထပ်အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာကြောင်း အေပီသတင်းဌာနက စက်တင်ဘာ ၈ ရက် ရက်စွဲဖြင့် သတင်းဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ နောက်ပိုင်း ထိုင်ဝမ်အစိုးရနှင့် တွေ့ဆုံရန် အမေရိကန်ဧည့်သည်တော်များ ဆက်တိုက်ဆိုသလို ကျွန်းပေါ်ရောက်လာနေခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို စစ်ရေးအရ အနှောင့်အယှက်ပေးမှုကို အရှိန်မြှင့်တင်ခဲ့ပြီး စစ်သင်္ဘောများ၊ စစ်လေယာဉ် များနှင့် မောင်းသူမဲ့လေယာဉ်(ဒရုန်း)များကို ကျွန်းတဝိုက် နေ့စဉ် စေလွှတ်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ် စတီဖင်မာဖီး (Stephanie Murphy) ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည်လည်း စက်တင်ဘာ ၈ ရက်တွင် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခဲ့သည်။

တစ်ချိန်တည်းမှာပင် တိုင်ပေအစိုးရသည် သံတမန်ရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုအနေအထားကို မဆုတ်မနစ် ကြိုးပမ်းနေခဲ့သည်။

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ် စတီဖင်မာဖီး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

 

အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ယခုခရီးစဉ်သည် ထိုင်ဝမ်ကျွန်းပေါ် အမေရိကန်ကွန်ဂရက်(လွှတ်တော်)၏ ခိုင်မာသောအထောက်အပံ့ဖြစ်စေကြောင်း တရုတ်၏စစ်ရေးခြိမ်းခြောက်မှုကို ရည်ညွှန်းလျက် သမ္မတ ဆိုင်အင်ဝမ် က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဖိအားပေးမှု (သို့မဟုတ်) အကျပ်ကိုင်မှုကို ဦးညွှတ်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

“ကျမတို့ရဲ့ ဒီမိုကရေစီအဖွဲ့အစည်းအသွင်သဏ္ဌာန်နဲ့ လူနေမှုပုံစံတွေကို စွမ်းစွမ်းတမံ ကာကွယ်သွားမှာပါ။ ထိုင်ဝမ် ဟာ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး” က ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်အမတ် မာဖီးက “မိမိတို့ကွန်ဂရက်(လွှတ်တော်)အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း အသီး သီးမှာ ထိုင်ဝမ်နိုင်ငံသူ၊ နိုင်ငံသားများ ပိုမိုပါဝင်လာစေဖို့ ထောက်ခံအားပေးသင့်ကြောင်း” ပြောကြားခဲ့သည်။

“ထိုင်ဝမ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ တာဝန်သိတဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို အထူးသဖြင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေအတွက်လည်း တာဝန်မကင်းတဲ့အတွက် နိုင်ငံတကာဖိုရမ်တွေမှာ ပါဝင်တက် ရောက်ခွင့် ရသင့်ပါတယ်” ဟု မာဖီးက ပြောကြားခဲ့သည်။

၎င်းတို့ခရီးစဉ်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်း (Mao Ning) က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်တရားဝင် သံတမန်ဆက်ဆံရေးမရှိကြောင်းနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို လိုက်နာပါကြောင်း ပြောကြားထားသည့် အမေရိကန်သည် ၎င်း၏ကတိကဝတ်ကို ချိုးဖောက်သည်ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

Source: AP