CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၁ သောင်း ကျော် ထပ်တိုး တိမ်းရှောင်လာကြောင်း တိုက်ပွဲရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် သဘာဝနဒီ ဆရာတော်က CNI သတင်းဌာနသို့ မိန့်ကြားသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ်မှ စတင်ပြီး တိုက်ပွဲရှောင်များ တိုးလာကြောင်း၊ လက်ရှိ စာရင်းကောက် နေဆဲဖြစ်ကာ လာမည့်ပတ်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ဆရာတော်က “အရေအတွက် တိတိကျကျ ပြောဖို့တော့ ခက်တယ်ဗျ။ စာရင်းတွေက လိုက်နေတုန်း၊ စစ်တမ်း ကောက်နေတုန်းပဲ မို့လို့လေ။ လောလောဆယ် ရွာထဲက ဘယ်ရွာမှာ အိမ်ထောင်စု ဘယ်လောက်ရှိတယ်၊ လူဦးရေ ဘယ်လောက်ရှိတယ်၊ ရနိုင်သလောက်ကို အကြမ်းဖျင်း စာရင်းပဲ ရှိတယ်။ အသေးစိတ်ကတော့ ကျုပ်တို့ လုပ်နေ တုန်းဗျ။ ထုတ်ပြန်နိုင်ဖို့ကတော့ နောက်ပတ်လောက်မှ ဖြစ်မယ်ထင်တယ်။ ခန့်မှန်းခြေက လောလောဆယ် ကျုပ် တို့ သိရလောက်ကတော့ တစ်သောင်း ခြောက်ထောင်ဝန်းကျင် လောက်ဖြစ်နေပြီ တစ်သောင်းကျော်နေပြီပေါ့” ဟု ပြောသည်။

မောင်တောမြို့ သာသနာ့ဗိမာန် ယာယီတိုက်ပွဲရှောင်စခန်းကိုတွေ့ရစဉ် (သဘာဝနဒီဆရာတော်)

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မြောက်ဦးနှင့် ချင်း ပြည်နယ် ပလက်ဝ ဒေသတို့တွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များကို အကူအညီပေးနိုင်ရေး စီစဉ်နေကြ‌ကြောင်း ရခိုအမျိုးသားပါတီ (ANP) မှ မူဝါဒ ရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဒီနေ့ အထွေထွေအတွင်းရေးမှူး အပါအဝင် အဖွဲ့အစည်းတွေနဲ့ ဆုံပြီးတော့ ဒါတစ်ခုခု‌တော့ ကျ‌နော်တို့ လုပ်ရမယ်၊ သိသင့်သိထိုက်တဲ့ အခြေအနေတွေကိုလည်း ကျ‌နော်တို့ ပါတီအနေနဲ့ စာရင်းဇယား ပြုစု ပြီးတော့မှ တင်ပြသင့်တယ်ဆိုပြီးမှ ပြောဆိုပြီးတော့ အခုစာရင်းဇယားတွေ လုပ်နေကြပါတယ်။ မကြာခင်တော့ ဒီစာရင်းဇယား အတိအကျနဲ့ ပါတီကနေ ထုတ်ပြန်ပြီးတော့ အသိပေးပြီးတော့မှ ရရှိတဲ့ ပံ့ပိုးအလှူငွေတွေနဲ့ နိုင် သလောက် အကူအညီ ပေးသွားဖို့ အကူအညီရှိပါတယ်။ ထပ်ပြောချင်တာက ကျနော်တို့က အာဏာရတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ စီးပွား‌ရေးလုပ်နေတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အမျိုးသားရေး အခြေခံ ပြီးတော့မှ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့အတွက် မိမိတို့မှာ ငွေကြေးအခိုင်အမာ ကျနော်တို့မှာ မရှိဘူး။ အဲဒါကြောင့် အလှူငွေတွေ ရအောင်ကြိုးစားပြီးတော့မှ ရရှိတဲ့ ခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ ထောက်ပံ့ကူညီသွားဖို့ စီစဉ်နေကြပါတယ်ခင်ဗျ” ဟု ပြောသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် တိုက်ပွဲရှောင်များကို လက်ရှိ အာဏာရ အဖွဲ့အစည်း အနေဖြင့် အကူအညီများ ပေးသင့်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

သဘာဝနဒီဆရာတော် တိုက်ပွဲရှောင်များကို အကူအညီပေးနေစဉ် (သဘာဝနဒီဆရာတော်)

သဘာဝနဒီဆရာတော်က “တိုက်ပွဲဖြစ်တာက သိပ်မပြောလိုဘူး။ လက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်တာ၊ ဒါပေမဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာတွေ၊ အရပ်သားပြည်သူတွေ ထိခိုက် နစ်နာလာပြီဆိုရင် အရပ်သားပြည်သူတွေကို အရပ်သား CSO တွေက လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် ရဖို့ကို အစိုးရအနေနဲ့ ခွင့်ပြုသင့်တယ်၊ လွတ်လပ်စွာ သွားလာခွင့်ကိုလည်း ပေးဖို့လိုတယ်၊ ဒါက အစိုးရပိုင်းတော့ ပေးရ မယ့် အပိုင်းတွေ ဖြစ်တယ်၊ အဲဒါမှသာလျှင် ဒီတိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကျုပ်တို့ အရပ်ဖက် ဘက်က စစ်ဘေးကူညီရေး အဖွဲ့တွေ၊ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်တဲ့ သူတွေ၊ လူမှုရေးသမားတွေက ဝင်ရောက်ပြီးတော့ ကူညီကယ်ဆယ်နိုင်မယ်၊ အဲဒါကြောင့် လွတ်လပ်စွာ သွားလာလှူဒါန်းခွင့်နဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးဖို့ အစိုးရအနေနဲ့ လုပ်ချင်တယ်ဆိုရင် စစ်ဆေးစရာရှိရင် စစ်ဆေးပါ။ လွတ်လပ်စွာ သွားလာခွင့် ပေးပြီးတော့ စစ်ဆေးစရာရှိတာ စစ်ဆေး၊ ဥပဒေငြိစွန်းတာရှိရင် အရေးယူပေါ့ဗျာ၊ အခုက အဲဒီလို မဟုတ်ဘဲနဲ့ လုံးဝသွားလာခွင့် မပေးတော့ဘူး။ ပိတ်လိုက်တာကကြ‌တော့ ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ ပြောချင်တယ်ဗျ” ဟု ပြောသည်။

တပ်မ‌တော်နှင့် AA တို့ ပလက်ဝ (ချင်းပြည်နယ်)၊ မောင်တော (ရခိုင်ပြည်နယ်)တို့တွင် တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့ပြီးနောက် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး စသည့် မြို့နယ်များအတွင်းမှာပါ ဆက်စပ် ဖြစ်ပွားလာခဲ့ ကြသည်။

ရခိုင်ပြည်နယ်တွင် ယခင်တိုက်ပွဲရှောင် ၄၂၀၀၀ ကျော်ရှိပြီး လတ်တလော တိုက်ပွဲရှောင် ၁ သောင်းကျော် တိုးလာကာ စုစုပေါင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၆ သောင်းနီးပါး ရှိနေကြောင်း သိရသည်။