CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တို့ကို သွားရောက်ပြီး လေ့လာခဲ့သည်ဟု နစကဘက်က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လာသည်။

နစကဥက္ကဋ္ဌသည် ရုရှားနိုင်ငံမှာ ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် အရှေ့ဖျားရေငုပ်သင်္ဘောဌာန ချုပ်သို့ သွားရောက် လေ့လာနေခြင်း ဖြစ်ကြောင်း သိရသည်။

Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိကြောင်း၊ ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်၀င် အခမ်းအနားကျင်းပနေစဉ် 

ထို့နောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများ၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ် သည့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးရမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အိန္ဒိယကနေ ၂၀၂၀ ပြည့်နှစ်၊ မတ်လက ဝယ်ယူထားသော ရုရှားလုပ် တစ်ပတ်ရစ် ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ထားသလို တရုတ်ကနေလည်း တစ်ပတ်ရစ် ရေငုပ်သင်္ဘော တစ်စင်းကို ဝယ်ယူထား သည့်အတွက် စုစုပေါင်း ရေငုပ်သင်္ဘော ၂ စင်းရှိသည်။

အဆိုပါ ရေငုပ်သင်္ဘောများသည် မင်းရဲကျော်ထင် (တရုတ်က ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေး ထားခြင်း)နှင့် မင်းရဲသိင်္ခသူ (အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေးထားခြင်း) တို့ ဖြစ်သည်။

ထို့နောက် ရုရှားနိုင်ငံကနေလည်း ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရန် မြန်မာ့တပ်မတော်က ကြိုးပမ်းနေကြောင်း သိရသည်။