CNI International News

တီဟီရန် ဇူလိုင် ၁၈

အမေရိကန်သည် အီရန်အကြောက်လွန်ရောဂါ (Iranophobia) ဖြင့် မိမိတို့ဒေသတွင်း တင်းမာအောင် စေ့ဆော်ဖို့ ကြိုးစားနေကြောင်း အီရန်အစိုးရက စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

ဂျိုးဘိုင်ဒန်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းဒေသသို့ ပထမဆုံးခရီးစဉ်အဖြစ် မကြာသေးခင်က ဆော်ဒီနှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အပြီး အီရန်ဘက်က အထက်ပါအတိုင်း စွပ်စွဲချက် ထွက်လာခြင်း ဖြစ်သည်။

“အီရန် အကြောက်လွန်ရောဂါနဲ့ အမုန်းတရား ဖန်တီးရေးမူဝါဒကို ကိုင်စွဲပြီး ကျနော်တို့ ဒေသတွင်းမှာ တင်းမာမှုတွေနဲ့ အကျပ်အတည်းတွေ ဖန်တီးဖို့ နောက်တစ်ကြိမ် ကြိုးစားနေပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် အခြားနိုင်ငံများ၏ အရေးကို အဆက်မပြတ် ဝင်ရောက်စွက်ဖက်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ စတင်စေခြင်းနှင့် မိမိတို့ ဒေသအနှံ့အပြား လက်နက် အမြောက်အမြား ရောင်းချသည့် ပထမဆုံးနိုင်ငံ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အမေရိကန်အနေဖြင့် ပါလက်စတိုင်း နယ်မြေများကို ဆက်လက် သိမ်းပိုက်ရေး အဓိက ဆက်စပ်နေကြောင်း၊ ပါလက်စတိုင်း လူမျိုးများအပေါ် နေ့စဉ်ရာဇဝတ်မှုနှင့် အသားအရောင် ခွဲခြားဆက်ဆံရေးတို့တွင် အမေရိကန် ပတ်သက် ဆက်စပ်နေကြောင်း နက်ဆာကာနာနီက ဆက်လက်ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ GCC အဖွဲ့၀င်များ

သူ၏ ပြောကြားချက်မှာ အီရန်၏ရန်သူတော် အစ္စရေးကို ဝါရှင်တန်(အမေရိကန်) ဆက်လက် ထောက်ခံနေခြင်းအား ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ၆ နိုင်ငံအပြင် အီဂျစ်၊ ဂျော်ဒန်နှင့် အီရတ်တို့ ပါဝင်ခဲ့ကြသည့် ဂျဒတ် ထိပ်သီးအစည်းအဝေး၌ “ဝါရှင်တန်သည် အရှေ့အလယ်ပိုင်း ဒေသတွင်းကို ချန်ရစ်ထွက်ခွာမည် မဟုတ်ကြောင်း” ဘိုင်ဒန်က အာရပ်ခေါင်းဆောင်များကို ကတိပြုခဲ့သည်။

အဆိုပါ ထိပ်သီး အစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒတ် (Jeddah) မြို့တွင် ကျင်းပခဲ့သည်။

“တရုတ်၊ ရုရှား (ဒါမှမဟုတ်) အီရန်တို့ ဖြည့်ဆည်းလာမယ့် လစ်ဟာမှုမျိုးကို ကျနော်တို့ ချန်ထားခဲ့မှာ မဟုတ်ပါဘူး” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

“အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် အီရန်နှင့်ပတ်သက်ပြီး “အမှား” ကျူးလွန်လာပါက ပြင်းပြင်းထန်ထန်နှင့် ကြေကွဲသွားအောင် တုံ့ပြန်မည်”ဟု ယခုသီတင်းပတ် အစောပိုင်း၌ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi) က သတိပေးခဲ့သည်။

ဘိုင်ဒန်၏ အစ္စရေး ခရီးစဉ်နောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒတ်မြို့၌ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် “အီရန်ထံ တွင် နျူကလီးယားလက်နက် မရအောင် အမေရိကန်ဦးဆောင်၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” အလေးပေး ဖော်ပြခဲ့သည်။

Source: Aljazeera