CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၈

လူမှုကွန်ရက် မီဒီယာများသည် ရာဇဝတ်မှု ရပ်တန့်ရေးအတွက် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သော်လည်း ကလေးသူငယ်များ နှင့် လူငယ်လူရွယ်များကို ခေါင်းပုံဖြတ်ခြင်းအပေါ် အထောက်အကူ ဖြစ်စေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည် ဟု ဇူလိုင် ၁၈ ရက် ရက်စွဲဖြင့် ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ယခင်သီတင်းပတ် ဇူလိုင် ၁၁ ရက်တွင် အင်တာနက်ပေါ်ရှိ ၎င်း၏ ဖောက်သည်များထံသို့ လိင်ဆက်ဆံရန် သမီးဖြစ်သူအား ကမ်းလှမ်းခဲ့ကြောင်း သံသယရှိသူ အမျိုးသမီးတစ်ဦးကို လူမှုကွန်ရက်မီဒီယာ သုံးစွဲများ၏ အကူအညီဖြင့် ဖမ်းဆီး အရေး ယူနိုင်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆက်လက် ပြောကြားခဲ့သည်။

ချန်ထရာ (Chantra) ဟု အမည်ရသော အဆိုပါ အမျိုးသမီးကို ဇူလိုင် ၁၁ ရက်၌ ဆာရာဘူရီပြည်နယ်၊ ဒွန်ဖက်ခရိုင်၊ ဒေါင်တာ နာဂိုအာမြို့ရှိ နေအိမ်အတွင်းသို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာန (ATPD) မှ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ သည်။

မရှေးမနှောင်းပင် ချန်ထရာ၏ ၉ နှစ်အရွယ် သမီးဖြစ်သူထံမှ လိင်ကိစ္စ ဝန်ဆောင်မှု ဝယ်ယူကြောင်း စွပ်စွဲချက်ဖြင့် အသက် ၅၈ နှစ်ရှိ ချာကလိချွန်ချော့ဘ် (Chacleef Chuenchob) နှင့် အသက် ၃၃ နှစ်ရှိ သော်စပေါကိုင်စာဝပ် (Thossapol Kaisawat) တို့ကို ရဲက ဆက်လက် ဖမ်းဆီးခဲ့သည်။

ထိုင်းဆိုရှယ်လူမှုကွန်ရက် (Reuters)

“ကျနော်တို့ကို သတင်းပေးတဲ့တွက် ကျေးဇူးတင်စရာကောင်းတဲ့ အင်တာနက် သုံးစွဲသူတွေ ရှိပါတယ်။ သံသယရှိသူ ၃ ဦးကို အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ရဲမှူးချုပ် ဂျီရက်ဟော့က ပြောကြားခဲ့သည်။

ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အပါအဝင် အွန်လိုင်း ရာဇဝတ်မှု ကျူးလွန်သူများကို အွန်လိုင်းသုံးစွဲသူ နိုင်ငံသားများ (Netizens) ထံမှ သတိပေးခြင်းဖြင့် မိမိတို့ ထိုင်းရဲတပ်ဖွဲ့ကို အကူအညီပေးနိုင်ကြောင်း ထိုင်းဗဟိုစုံစမ်း စစ်ဆေးရေးဗျူရို (CIB)၏ ကော်မရှင်နာမင်းကြီး ရဲမှူးချုပ် ဂျီရက်ဟော့ဘူရီဒက်ဂျ် (Jirabhop Bhuridej) က ပြောကြားခဲ့သည်။

“CIB က အဲဒီကျူးလွန်သူတွေရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ခြေရာခံပြီး လိုက်ခဲ့တာပါ။ ကျနော်တို့က အလျင် အမြန် ကိုင်တွယ်ခဲ့တဲ့အတွက် အများအမြင်မှာ ရက်စက်လွန်းရာကျတဲ့ အမှုအတွက် သံသယရှိသူတွေကို အခုလို ဖမ်းဆီး နိုင်ခဲ့ တာ ဖြစ်ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရဲမှူးချုပ် ဂျီရက်ဟော့က “အခု ချာထရာရဲ့ အမှုမှာ တရားခံတွေကို ဖော်ထုတ်ဖို့ ဗွီဒီယိုနဲ့ဓာတ်ပုံတွေကို အင်တာနက် သုံးစွဲသူတွေက အထောက်အကူ ပြုပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ အမှုအတွက် ခိုင်လုံသော အထောက်အထားများ လက်ဆုပ်လက်ကိုင်ရသဖြင့် ထိုင်းရဲက သံသယရှိသူများကို ၂၄ နာရီ အတွင်း ဖမ်းဝရမ်း ထုတ်နိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။

Source: Bangkok Post