CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာတာရိုအာဆို(Mr.Taro Aso)အား သရေစည်သူဘွဲ့တံဆိပ်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး(H.E.Mr. Hideo Watanabe)ကို သီရိပျံချီဘွဲ့တံဆိပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့က နေပြည်တော်မှာ ဘွဲ့တံဆိပ်များကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ ဝါတာနာဘေး နစကမှ ပေးအပ်သော သီရိပျံချီဘွဲ့တံဆိပ်ကို ကိုယ်တိုင် တက်ရောက် လက်ခံခဲ့သလို ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာတာရိုအာဆို အားပေးအပ်သည့် သရေစည်သူဘွဲ့တံဆိပ်ကိုလည်း ကိုယ်စား လက်ခံခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌက “ အဆွေတော်အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက် ဆောင်ရွက်နိုင်ရန်တို့အတွက် အစွမ်းကုန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။ အဆွေတော်၏ ကြိုးပမ်းခဲ့မှုများကြောင့် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများ နှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ ခြင်း ဖြစ်ပြီး ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရဘဲ ကမ္ဘာတည်သရွေ့ ကျန်ရှိနေမည်ဖြစ်သဖြင့် ကောင်းမွန်သည့် သမိုင်းကို အတူတကွ ရေးထိုးကြရမည်ဖြစ်ကြောင်း။ ယခုကဲ့သို့ ဘွဲ့တံဆိပ်ရရှိသည့်အတွက်လည်း အဆွေတော်၊ အဆွေ တော်၏ မိသားစု၊ အဆွေတော်၏ နိုင်ငံတို့နှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ပါတယ်”ဟု ပြောသည်။

အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့် ကိုက်ညီသည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်းအတွက် ဂုဏ်ပြုသည့် ဘွဲ့တံဆိပ်ကို ပေးအပ်မှုအတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဝါတာနာဘေးက ပြောသည်။

၎င်းက “ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန်နေသည့် အချိန်အထိ ရာသက်ပန်ကြိုးပမ်း ဆောင်ရွက်သွားမည်”ဟု ပြောသည်။

ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဝါတာနာဘေးနှင့် နစကသည် ကောင်းမွန်သော ဆက်ဆံရေး တစ်ရပ်ကို တည်ဆောက်ထားနိုင်သလို အနောက်နိုင်ငံများနှင့်ဥရောပနိုင်ငံများမှ ပိတ်ဆို့နေသည့်အချိန်မှာ နစကအဖွဲ့နှင့် ထိတွေ့ဆက်ဆံလျက်ရှိနေသည်။

ထို့နောက် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပြန်လည်ထူထောင်ရေး အခန်းကဏ္ဍများတွင် ငွေကြေး ထောက်ပံ့ ကူညီပေးလျက်ရှိနေသည်။