CNI International News

မော်စကို၊ ဖေဖော်ဝါရီ - ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)သည် လုံခြုံရေးအာမခံချက်ရ၍သာ ယူကရိန်းသို့ လာရဲခြင်းဖြစ် ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ပြောသည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။
သို့သော် အမေရိကန်သမ္မတကို မည်သူက အာမခံချက်ပေးသနည်း ဆိုသည်ကိုတော့ အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိပေ။

လုံခြုံရေးအာမခံချက် ကြိုရထားသောကြောင့် ဘိုင်ဒန် ယူကရိန်းသို့ ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းသည် နာဇီ လက်သစ်အစိုးရနှင့် သစ္စာပြုကာ လက်နက်များ ထောက်ပံ့မည်ဟု ကတိပေးခဲ့ကြောင်း၊ လက်နက်သစ်များ၊ ရဲစွမ်း သတ္တိရှိသော သူများနှင့်သာ ရရှိမည့် အောင်ပွဲအတွက်လည်း အပြန်အလှန် ပြောဆိုမှု လုပ်ဆောင်ခဲ့ကြောင်း မက်ဗီဒက်ဗ်က သူ၏တယ်လီဂရမ်တွင် တနင်္လာနေ့၌ ရေးသားခဲ့သည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို ကိယက်ဗ်မြို့မှာတွေ့ရစဉ်

အနောက်နိုင်ငံများသည် ယူကရိန်းသို့ လက်နက်နှင့် ငွေကြေး ထောက်ပံ့ရန် ရှိနေကြောင်း၊ အများအပြား ထောက်ပံ့ပေးမည်ဆိုလျှင် နေတိုးအဖွဲ့ဝင် နိုင်ငံများအတွက် တစ်ကမ္ဘာလုံးရှိ အကြမ်းဖက်အဖွဲ့များသို့ လက်နက် များ ရောင်းချခြင်းဖြင့် ငွေရှာခြင်းများ ဖြစ်လာနိုင်သည်ဟုလည်း ၎င်းကပြောသည်။

ဘိုင်ဒန်သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ တနင်္လာနေ့တွင် ကိယက်ဗ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် တွေ့ဆုံကာ ယူကရိန်းအတွက် ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုခဲ့သည်။

ယူကရိန်းသို့ ဘိုင်ဒန်မသွားခင် အမေရိကန်အိမ်ဖြူတော်သည် ခရီးစဉ်အတွင်း လုံခြုံရေးနှင့်ပတ်သက်၍ ရုရှားဘက်ကို ဆက်သွယ်မှုပြုလုပ်ခဲ့သည်ဟု အေပီသတင်းတွင် အစောပိုင်းက ဖော်ပြထားသည်။

Source: တာ့စ်