CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP-ကျားဖြူပါတီ)ကို ရွေးကောက်ပွဲ မဝင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။

KIA ၏ ခေါ်ယူ သတိပေးမှုကို မိမိတို့ ပါတီဝင်များ ပြောပြချက်အရ သိရကြောင်း၊ လွတ်လပ်စွာ ရွေးကောက်ပွဲ ပြိုင်ခွင့်ပြုရန် မေတ္တာရပ်ခံချင်ကြောင်း SNDP မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

စိုင်းအိုက်ပေါင်းက “ကျနော်တို့ကတော့ နံပါတ် ၁ အချက်က အတိအကျတော့ ကျနော်တို့ မသိဘူး၊ ကျနော်တို့ လူတွေ ပြောပြလို့ ကျနော် သိရတယ်၊ သူတို့လည်း ကြောက်နေတယ်။ ကျနော်တို့က မေတ္တာရပ်ခံချင်တာတော့ ပါတီတွေ အားလုံးပေါ့၊ ပါတီတွေ အားလုံး လွတ်လွတ်လပ်လပ် ပြိုင်ခွင့်ပြုစေချင်တယ်၊ ကချင်ပြည်နယ်မှာလည်း နော်၊ လွတ်လွတ်လပ်လပ် မကြောက်မလန့်၊ မစိုးရိမ်ရဘဲနဲ့ လွတ်လွတ်လပ်လပ် ပြိုင်ခွင့်ပြုပါလို့ ကျနော်အဲဒီလိုပဲ မေတ္တာရပ်ခံချင်တယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင်ရေး KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI မှ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

KIA အနေဖြင့် နစက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံဟု ပြောဆိုခြင်းမျိုး တွေ့ရှိရကြောင်း ကချင်နိုင်ငံရေး သမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

 KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကိုတွေ့ရစဉ်

၎င်းက “KIA ကတော့ ကျနော်ထင်တယ် သူတို့ ကြေညာပြီးသားပဲ ရွေးကောက်ပွဲကို သူတို့အနေနဲ့ လက်မခံဘူး ဆိုတဲ့ဟာမျိုးကို ကျနော် တွေ့မြင်နေရတယ်။ ဆိုတော့ ဒီကျားဖြူပါတီပဲ မဟုတ်ပါဘူး။ တခြားဟာတွေလည်း ကျနော်ထင်တာ သူတို့အတိအလင်း သတိပေးတာတို့၊ ဘာတို့ ဖြစ်လိမ့်မယ်ထင်တယ်။ ဒါကတော့ ကျားဖြူပါတီ ရယ်လို့ မဟုတ်ပါဘူး။ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့ လက်လှမ်းမီတဲ့ အပိုင်းတွေကတော့ သူတို့ သတိပေးမယ်၊ နောက်ဆုံးမှာ အရေးယူနိုင်တဲ့အဆင့်ပါ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ရှမ်းလူဦးရေး အများဆုံးရှိသည့် မြို့နယ်များစွာ ရှိနေကြောင်း၊ ယခင် အထွေထွေ ရွေးကောက် ပွဲတွင် မိမိတို့ပါတီ အနိုင်ရခဲ့ကြောင်း SNDP(ကျားဖြူပါတီ)ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

 SNDP ပါတီကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ လုပ်ခိုင်းရင်လည်း သူတို့က ကြောက်နေတယ်ဗျာ၊ သူတို့ကြောက်နေတယ် ဆိုတော့ လည်း ကိုယ်ကလည်း မတိုက်တွန်းရဲဘူးလေ၊ တစ်ခုခု ဖြစ်သွားမှာလည်း စိုးရိမ်ရတယ်လေ၊ တကယ်လို့ သူတို့ (KIA) ကြည်ကြည်ဖြူဖြူနဲ့ အားလုံး ဒီမိုကရေစီပဲ လွတ်လွတ်လပ်လပ် ပြိုင်ကြပါ၊ ပြည်သူလူထု အဆုံးအဖြတ်ပဲ ယူမယ်ဆိုရင်လည်း အဲဒါတော့ ဝမ်းသာစရာ ကောင်းတာပေါ့နော်၊ ကျနော်တို့လည်း မေတ္တာရပ်ခံချင်တယ် သူတို့ ကိုလေ၊ တိုင်းရင်းသားတွေ ညီကိုတွေ အားလုံး လွတ်လွတ်လပ်လပ်နဲ့ ပါတီအားလုံး လွတ်လွတ်လပ်လပ် ပြိုင်ခွင့် ပြုပါလို့ ကျနော်က မေတ္တာရပ်ခံချင်တာလေ၊ ဘာလို့ဆို ကျနော်တို့ကလည်း ၂၀၁၀ တုန်းကလည်း ဝင်ပြိုင်ခဲ့တယ် ၆ ယောက်နိုင်ခဲ့တယ်၊ အဲဒီလိုမျိုးတော့ ကျနော်တို့က ဝင်ပြိုင်ပြီးတော့ ပြန်နိုင်ချင်တာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင် ရှမ်းများတဲ့ မြို့နယ်တွေက ရှိတယ်လေ၊ မံစီ၊ မိုးမောက်၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း အဲဒီဖက်က ရှမ်းတွေများတယ်လေ၊ ရှမ်းက Majority (လူများစု) လေ၊ နိုင်ခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့က အာဏာပါဝါရှိတာပေါ့နော်။ ကျနော်တို့ တိုင်းရင်းသားတွေ အချင်းချင်းကို မေတ္တာထားစေချင်တာပေါ့” ဟု ပြောသည်။

SNDP သည့် လာမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုထက် မနည်း ဝင်ရောက် ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။