CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

အိုလံပစ်လူငယ် လက်ဝှေ့သမား ဂါလီနီချေ့ဗ်ဟာ ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားခဲ့တယ်လို့ The Sun က ဖော်ပြ ထားပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂါလီနီချေ့ဗ်ဟာ ယူကရိန်းအတွက် ၂၀၁၇ နဲ့ ၂၀၁၈ ဥရောပ လူငယ်ချန်ပီယံရှစ် ပြိုင်ပွဲတွေ မှာ ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ပါတယ်။

အဲဒီနှစ်တွေမှာ နွေရာသီ လူငယ်အိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ယူကရိန်းအစိုးရအကြံပေး ဂျီရာရှန်ကို က ဂါလီနီချေ့ဗ် ကျဆုံးသွားခဲ့ပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“အသက် ၂၂ နှစ်အရွယ်ရှိ ဥရောပလူငယ် လက်ဝှေ့ချန်ပီယံ ဂါလီနီချေ့ဗ်ဟာ လူဟန်ဒေသမှာ ယူကရိန်းကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂါလီနီချေ့ဗ်ဟာ စေတနာ့ဝန်ထမ်းအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ သူဟာ ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီးနောက် ရှေ့တန်းကို နှစ်ကြိမ် ပြန်လာခဲ့ပါတယ်”လို့ ဂျီရာရှန်ကိုက ရေးသားခဲ့တာပါ။

ဂါလီနီချေ့ဗ် လက်ဝှေ့ထိုးနေစဉ်

ပြီးခဲ့တဲ့ နှစ်ကစပြီး ယူကရိန်းတပ်မတော်အတွက် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂါလီနီချေ့ဗ်ရဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

Team GB Boxing က “ဒီအဖွဲ့မှာရှိတဲ့ လူတိုင်းဟာ ယူကရိန်းနိုင်ငံက ဥရောပလူငယ် ချန်ပီယံ ဂါလီနီချေ့ဗ် ကွယ်လွန်သွားခဲ့တဲ့ ကြေကွဲဖွယ် အဖြစ်အပျက်ကို သိခဲ့ရတဲ့အတွက် ဝမ်းနည်းမိပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ဒီနောက် အိုလံပစ် လက်ဝှေ့သမား တစ်ဦးဖြစ်တဲ့ ဗလာဒီယာဆလက်ဗ်က “ယူကရိန်းအတွက် သူ့ရဲ့အသက်ကို စွန့်လွှတ်ခဲ့တဲ့ ဂါလီနီချေ့ဗ်ဟာ သူရဲကောင်းပါပဲ။ ငြိမ်းချမ်းစွာ အနားယူပါ”လို့ ရေးသားခဲ့တာပါ။

ဂါလီနီချေ့ဗ်ဟာ ကွယ်လွန်ချိန်မှာ ၃ နှစ်အရွယ်ရှိ သမီးလေးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: The Sun