CNI International News

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အမိန့်ဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားနေသည့် ကယ်လီဖိုးနီး ယားပြည်နယ် လော့စ်အိန်ဂျလိစ် (Los Angeles )မြို့ကို ညမထွက်ရ အမိန့်ထုတ်ခဲ့ပြီး ရာနှင့်ချီသည့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ် (Gavin Newsom) ကမူ ဒီမိုကရေစီသည် တိုက်ခိုက်ခံ နေရကြောင်း သတိပေးခဲ့ပြီး အမေရိကန်၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် လော့စ်အိန်ဂျလိစ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

အမေရိကန် လူဝင်မှုနှင့်အကောက်ခွန် အရာရှိများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ကာ ဇွန်လ ၁၀ ရက်နေ့သည် ဆန္ဒပြမှုများဖြစ်ပွား သည့် ၅ ရက်မြောက်နေ့ ဖြစ်လာခဲ့သည်။

ထိုဆန္ဒပြမှုများကို နှိမ်နင်းရန် အမျိုးသားအစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်များ စေလွှတ်ခဲ့သည့် ထရမ့်၏ ထူးဆန်း သော စီမံချက်များကြောင့် အခြားမြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အမေရိကန်လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်

ထရမ့်နှင့် နယူဆမ်တို့ကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုများ ဖြစ်ပွားနေချိန်တွင် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရန် ဘက်စ် (Karen Bass) ကမူ ဆန္ဒပြမှုများသည် မြို့ထဲရှိ လမ်း ၅ လမ်းခန့်တွင် အကန့်အသတ်ဖြင့်သာ ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အကြမ်းဖက်မှုများနှင့် လုယက်မှုများ ဖြစ်နေသဖြင့် မြို့လယ်ခေါင်၏ အချို့ နေရာများတွင် ကာဖျူးမိန့် ထုတ်ပြန်ထားသည်။

အချို့အဖွဲ့များသည် ကာဖျူးမိန့် ထုတ်ပြန်ထားသည့်တိုင် လမ်းများပေါ်တွင် ဆက်ရှိနေသဖြင့် လူအများအပြားကို ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဇွန်လ ၁၀ ရက်က ဆန္ဒပြသူ ၁၉၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုအရေအတွက်သည် ယခင်ဖမ်းဆီးထားသူ စုစုပေါင်း၏ ၂ ဆခန့် ပိုမိုများပြားခဲ့သည်။

ဒီမိုကရက်တစ် ခေါင်းဆောင်များကမူ နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသည့် ရွှေ့ပြောင်းများကို နေရပ် ပြန်ပို့မည့် ထရမ့် အစိုးရအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကြောင့် တင်းမာမှု အခြေအနေသည် ပေါက်ကွဲလဲနီးပါး ဖြစ်လာခဲ့ပြီး နိုင်ငံတော်အဆင့် အကျပ်အတည်းတစ်ခု ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

“ကယ်လီဖိုးနီးယားက ပထမဆုံးပြည်နယ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီပြည်နယ်တစ်ခုတည်းပဲ မဟုတ်ပါဘူး။ နောက်ထပ် ပြည်နယ်တွေမှာလည်း အခုလို ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ဒီမိုကရေစီဟာလည်း တိုက်ခိုက်ခံနေရ ပါတယ်။ အခုအခြေအနေကို စိုးရိမ်ရပါတယ်”ဟု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး နယူဆမ်က ပြောကြား ခဲ့သည်။

Source: South China Morning Post