CNI International News

ဘန်ကောက်၊ ဇွန်လ ၁၂

ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် တင်းမာမှုများ မြင့်တက်နေချိန်၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက သတိပေးခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားက ထိုင်းနှင့် အငြင်းပွားကိစ္စကို နိုင်ငံတကာတရားရုံး(ICJ)သို့တင်ရန် စီစဉ်နေပြီး ထိုင်းနိုင်ငံက နှစ်နိုင်ငံဆွေးနွေးမှုများဖြင့် အဖြေရှာရန် ပြောကြားနေသည်။

နှစ်နိုင်ငံကြား နယ်စပ်ဒေသရှိ စစ်သားများကို ရုပ်သိမ်းရန် သဘောတူညီချက် ရရှိခဲ့သည့်တိုင် နှစ်နိုင်ငံစစ်တပ်ကြား အလျှော့ပေးသည့် အရိပ်လက္ခဏာမျိုး မရှိခဲ့ဘဲ အခြေအနေသည် အချိန်မရွေး ပေါက်ကွဲနိုင်ကြောင်း နိုင်ငံတကာ မီဒီယာများက ဖော်ပြခဲ့သည်။

ICJ သို့တင်မည့် ကမ္ဘောဒီးယား၏ ဆုံးဖြတ်ချက်ကို ထိုင်းဘက်က သဘောမတူဘဲ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမည်ဟု ပြောကြားနေခြင်းက ငြိမ်းချမ်းစွာ အဖြေရှာမည့် လုပ်ငန်းစဉ်ကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

မေလ ၂၈ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် နှစ်နိုင်ငံစစ်သားများကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ချိန်မှစပြီး နယ်စပ်ဒေသ ပဋိပက္ခသည် ပိုမိုအရှိန်မြင့်တက်လာခြင်းဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို တွေ့ရစဉ်

ထိုဖြစ်ရပ်ကြောင့် နယ်စပ်ဒေသတွင် စစ်သားများကို တိုးမြှင့်ချထားကြောင်း ထိုင်းနှင့်ကမ္ဘောဒီးယား အစိုးရတို့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် လိုအပ်သဖြင့် စစ်သားများ ဖြန့်ကြက်ချထားခြင်း ဖြစ်သည်ဟု နှစ်နိုင်ငံစလုံးက ပြောကြားခဲ့သည်။

ထိုင်းတော်ဝင်စစ်တပ်သည် အခြေအနေ ဆိုးရွားလာသည့် အချိန်တွင် အဆင့်မြင့် စစ်ဆင်ရေးများအတွက် အသင့် အနေအထား ပြင်ဆင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားကလည်း ထိုင်းနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်စပ်ဒေသ ၄ ခုအတွက် ICJ သို့ တင်မည်ဟု ကြေညာခဲ့ပြီး သံတမန်ရေးရာဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

ထိုင်းကမူ နယ်စပ် အငြင်းပွားမှုနှင့်ပတ်သက်ပြီး ICJ ၏ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုရန် ဆက်လက် ငြင်းဆန် လျက်ရှိသည်။

လက်ရှိတွင် တင်းမာမှုများကို လျှော့ချရန် ထိုင်းနှင့်ကမ္ဘောဒီးယား အစိုးရက စစ်သားများကို ရုပ်သိမ်းရန် သဘော တူခဲ့သော်လည်း အနာဂတ်၌ ထိပ်တိုက်တွေ့မည့် အလားအလာအတွက် အာမခံချက် မရှိသေးကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: The Nation