CNI International News
တိုင်ပေ၊ ဇွန်လ ၁၂
ပစိဖိတ်သမုဒ္ဒရာတွင် တရုတ်လေယာဉ်တင်သင်္ဘော ၂ စင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ကို ပထမဆုံး အကြိမ်အဖြစ် တွေ့ရှိခဲ့ပြီး ထိုလှုပ်ရှားမှုများသည် တရုတ်၏ နယ်ချဲ့ဝါဒ ရည်ရွယ်ချက်ကို ပြသခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန် ကူး (Wellington Koo) က ဇွန်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်လေယာဉ်တင် သင်္ဘောများ လှုပ်ရှားမောင်းနှင် နေခြင်းသည် တရုတ်သည် ၎င်း၏ နယ်စပ်များထက် ကျော်လွန်ပြီး စစ်ရေး စွမ်းဆောင်ရည်များကို ချဲ့ထွင်နေသည့် ရည်ရွယ်ချက်ကို ပြသခြင်းဖြစ်သည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီ (Gen Nakatani) ကလည်း ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ဂျပန်၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင် ကျွန်းစုများ ပါဝင်သည့် ပထမကျွန်းစုအတွဲကို ဖြတ်သန်းပြီး ဂျပန်၊ ဂူအမ်နှင့် အင်ဒိုနီးရှား ကျွန်းစုများ ပါဝင်သော ဒုတိယကျွန်းစုအတွဲကို ဝင်ရောက်မှုသည် တရုတ်၏ နိုင်ငံရေး အမှာစကား တစ်ခုဖြစ်ပြီး နယ်မြေချဲ့ထွင်လိုသည့် ရည်ရွယ်ချက်ကို မြင်တွေ့နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။
တရုတ်ပြည်မကြီး၏ ကမ်းလွန်နှင့် ပိုမိုကွာဝေးသည့် ရေပြင်များတွင် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နိုင်စွမ်းရှိ ကြောင်း ပြသနေသည့် တရုတ်ရေတပ်ကမူ ၎င်း၏ လေယာဉ်တင် သင်္ဘောများသည် မည်သည့်နိုင်ငံ၊ မည်သည့် ဒေသကိုမှ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ် လေ့ကျင့်မှုသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်လေယာဉ်တင် သင်္ဘောကို တွေ့ရစဉ်
ထိုင်ဝမ်သည် တရုတ်၏ စစ်ရေး လေ့ကျင့်မှုများနှင့် ကင်းလှည့်မှုများ အပါအဝင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသလို ထိုင်ဝမ်စစ်တပ်ကလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ရင်ဆိုင်နိုင်ရန် လက်နက်များကို အဆင့်မြှင့်တင် မွမ်းမံလျက်ရှိသည်။
အမေရိကန်ထံမှ အော်ဒါမှာယူထားသည် Lockheed Martin(လော့ခ်ဟိမာတင်) F-16V တိုက်လေယာဉ် ၆၆ စင်း အနက် ၁၀ စင်းကျော်သည် ယခုနှစ်အတွင်း ရောက်ရှိလာမည်ဖြစ်ပြီး ကျန်လေယာဉ်များသည် ၂၀၂၆ ခုနှစ်တွင် ရောက်ရှိလာလိမ့်မည်ဟု ထိုင်ဝမ်လေတပ်၏ စစ်ဦးစီးချုပ် လီချင်းဂျန် (Lee Ching-jan) က ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ၂၀၂၆ ခုနှစ်အတွင်း တိုက်လေယာဉ်တွေ ပို့ပေးနိုင်လိမ့်မယ်လို့ အမေရိကန်ဘက်က ပြောခဲ့ပါတယ်။ အခုနှစ်ထဲမှာလည်း လေယာဉ် ၁၀ စင်းကျော်လောက် ပို့ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်” ဟု လီက ပြောကြားခဲ့သည်။
တရုတ်လေယာဉ်တင် သင်္ဘောကို တွေ့ရစဉ်
ထိုင်ဝမ်သည် တရုတ်၏ J-20 ကိုယ်ပျောက် တိုက်လေယာဉ် အပါအဝင် တရုတ်လေတပ်ကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် ခေတ်မီ လက်နက်များနှင့် ရေဒါစနစ်များ တပ်ဆင်ထားသည့် တိုက်လေယာဉ်များ ရရှိရန် နှောင့်နှေး ကြန့်ကြာမှုများနှင့်ပတ်သက်ပြီး အမေရိကန်ကို စောဒကတက်ခဲ့သည်။
မေလကလည်း တရုတ်သည် အရှေ့အာရှ ရေပြင်များတွင် ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘော အများအပြားကို စေလွှတ်ပြီး အင်အားပြခဲ့သဖြင့် ဒေသတွင်းနိုင်ငံများက စိုးရိမ်နေကြကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ