CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၉
တရုတ်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီး ဝန်းကျင်သို့ စေလွှတ်ခဲ့သည့် စစ်သင်္ဘော အရေအတွက်သည် ၂ ဆနီးပါး မြင့်တက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားသည့် တရုတ်က ထိုင်ဝမ်သမ္မတ လိုင်ချင်တေ (Lai Ching-te) ၏ ပစိဖိတ်ခရီးစဉ်အတွင်း အမေရိကန်၏ ဟာဝိုင်ယီ (Hawaii) နှင့် ဂူအမ် (Guam) ကျွန်းများသို့ ခရီးတစ်ထောက် ဝင်ရောက်ခဲ့မှုအပေါ် ဒေါသထွက်ခဲ့သည်။
လိုင်သည် သီတင်းတစ်ပတ်ကြာ ပစိဖိတ်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက်က ထိုင်ဝမ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။
ထိုင်ဝမ်၏ စစ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး နေ့စဉ် သတင်းထုတ်ပြန်မှုတွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်သင်္ဘော ၁၄ စင်းတွေ့ရှိခဲ့ကြောင်း၊ ထိုအရေအတွက်သည် ဒီဇင်ဘာ ၇ ရက်က တွေ့ရှိခဲ့သည့် တရုတ်စစ်သင်္ဘော ၈ စင်းနှင့်နှိုင်းယှဉ်ပါက ၂ ဆနီးပါး မြင့်တက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။
ထို့ပြင် ထိုင်ဝမ်ရေလက်ကြားပေါ်တွင် ပျံသန်းနေသည့် တရုတ်၏ မိုးပျံပူဖောင်း ၄ လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေကို တွေ့ရစဉ်
တရုတ်သည် ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစားစစ်ရေး လေ့ကျင့်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့ စစ်သင်္ဘောများ ဖြန့်ကြက်ချထားမှုသည် နောက်တစ်ကြိမ် စ-စ်ရေးလေ့ကျင့်မှု အတွက်လည်း ဖြစ်နိုင် ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၈ ရက်က ရုံးချိန်ပြင်ပတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနအား မှတ်ချက်ပေးရန် ဖုန်းဆက်ခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။
သို့သော် တရုတ်နိုင်ငံလုံခြုံရေးဝန်ကြီးဌာန၏ WeChat အကောင့်တွင်မူ လက်နက်များကို အသုံးချပြီး လွတ်လပ် ရေး ကြိုးပမ်းနေသည့် လိုင်၏ အားထုတ်ကြိုးပမ်းမှုသည် ကျရှုံးလိမ့်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
"တရုတ်ရဲ့ အမျိုးသားတရုတ်အစိုးရရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ တည်မြဲတဲ့ စိတ်ဆန္ဒနဲ့ အစွမ်းထက်တဲ့ လုပ်နိုင်စွမ်းကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် ဘယ်ပုဂ္ဂိုလ်ကမှ လျှော့မတွက်သင့်ပါဘူး"ဟု တရုတ်နိုင်ငံလုံခြုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ