CNI International News

တိုင်ပေ၊ ဧပြီ ၂၉

တရုတ်စစ်တပ်၏ တိုက်လေယာဉ် ၃၈ စင်းနှင့် တခြား စစ်လေယာဉ်များ ထိုင်ဝမ်အနီး ပျံသန်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက သောကြာနေ့တွင် ပြောကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုသို့ ဖြတ်သန်းခြင်းက ဧပြီလ အစောပိုင်း ထိုင်ဝမ်ကို သိမ်းယူရန် စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်ပြီးနောက် အကြီးမားဆုံး အင်အားပြမှုလည်း ဖြစ်သည်။

အဆိုပါ ဧရိယာအနီးတွင် ရေတပ် သင်္ဘောများကိုပါ တွေ့ခဲ့ရပြီး ယင်းက တရုတ်၏ ထိုင်ဝမ်အား ရည်ရွယ်ချက်ရှိရှိ ရန်စရေး ကာလရှည် ကမ်ပိန်း၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

အမေရိကန် ရေတပ်၏ P-8A Posedion တင့်ဖျက် ကင်းလှည့် လေယာဉ်တစ်စင်း ထိုင်ဝမ် ရေလက်ကြား ဖြတ်သန်းမှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သောကြာနေ့တွင် ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

စစ်သင်္ဘောကို ကြည့်နေကြစဉ်


ထိုင်ဝမ်ရေလက်ကြားသည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးအား ပိုင်ခြားထားရာ လိုင်းလည်း ဖြစ်သည်။

ကြာသပတေးနေ့က အမေရိကန်လေယာဉ် ပျံသန်းမှုသည် ရန်စမှုတစ်ခု ဖြစ်ကြောင်းပြောကာ PLA ၏ အရှေ့ပိုင်းဌာနချုပ်သည် လေယာဉ်နောက်လိုက်ရန် ဂျက်တိုက်လေယာဉ်ကို စေလွှတ်ခဲ့သည်။

ထိုလုပ်ရပ်များသည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေကာ၊ လုံခြုံရေး အတွက် အန္တရာယ် ဖြစ်စေကြောင်း၊ တရုတ်စစ်တပ်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးအပြင် အချုပ်အခြာ အာဏာကို ထိန်းသိမ်းရေးတို့အတွက် အချိန်တိုင်း အဆင်သင့်ရှိနေကြောင်း အရှေ့ပိုင်းဌာနချုပ်က ပြောသည်။

သို့သော် ကြာသပတေးနေ့က ပျံသန်းမှုကို နိုင်ငံတကာဥပဒေများနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းက အင်ဒို-ပစိဖိတ်တွင် လွတ်လပ်ပွင့်လင်းသော ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ရေး အမေရိကန်၏ ပေးထားသော ကတိကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု အမေရိကန်ရေတပ် အမှတ် ၇ သင်္ဘောအုပ်စုက ပြောသည်။

တရုတ်ကိုတွေ့ရစဉ်

ထိုင်ဝမ်ရေလက်ကြား အပါအဝင် နိုင်ငံတကာ ဥပဒေအရ ခွင့်ပြုထားသော နေရာများတွင် လေယာဉ်ပျံခြင်း၊ သင်္ဘောသွားခြင်းတို့ကို ဆက်လက် လုပ်ဆောင်သွားဦးမည်ဟုလည်း ပြောသည်။

အမေရိကန်သည် ထိုင်ဝမ်အား နိုင်ငံရေးနှင့်စစ်ရေးအရ နီးကပ်သော မဟာမိတ် နိုင်ငံတစ်ခုအဖြစ် သတ် မှတ်ထားသည်။

တရားဝင် သံတမန်ရေး ဆက်ဆံမှု အားနည်းသော်လည်း အမေရိကန်ဥပဒေအရ ထိုင်ဝမ်နှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုများကို ကာကွယ်ပေးရန် လိုအပ်သည်။ တရုတ်ဘက်ကလည်း ထိုင်ဝမ်ကို ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အား အသုံးပြု သိမ်းပိုက်သွားမည်ဟု ကြေညာထားသည်။

၎င်းတို့ပိုင် နယ်မြေများကို တစ်လက်မမှ အကျူးကျော် မခံဟူသော တရုတ်သမ္မတ၏ ပြောဆိုမှုတွင် ထိုင်ဝမ်၊ အိန္ဒိယနှင့် နယ်စပ်တို့အပြင် တောင်တရုတ်ပင်လယ်အတွင်းမှ ဒေသများပါ အကျုံးဝင်နေသည်။

Source: AP