CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၁၇
ဟားမာ့စ်အဖွဲ့အနေဖြင့် အမေရိကန်က ထောက်ခံပေးထားသည့် အပစ်အခတ်ရပ်စဲရေးကို လိုက်နာခြင်းမရှိပါက တိုက်ခိုက်မှုများအား ပြန်လည် စတင်သွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် ( Israel Katz) က ပြောကြားခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။
ဂါဇာတွင် ဖမ်းဆီးခံရင်း သေဆုံးသွားခဲ့သည့် အစ္စရေး ဓားစာခံများအနက် ဓားစာခံနှစ်ဦး၏ ရုပ်အလောင်းကို ဟားမာ့စ်အဖွဲ့က အစ္စရေးအား လွှဲပြောင်း ပေးအပ်ခဲ့ပြီးနောက် ကက်ဇ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဟားမာ့စ်အဖွဲ့ကမူ စက်ယန္တရားများ၏ အကူအညီ မပါဘဲ ဂါဇာ၏ အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် အစ္စရေးဓားစာခံများ၏ အလောင်းများကို ဆွဲထုတ်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဟားမာ့စ်တပ်ဖွဲ့ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကြားဝင်စေ့စပ်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်အရ အောက်တိုဘာ ၁၃ ရက်မှစပြီး ဟားမာ့စ်အဖွဲ့သည် အသက်ရှင်နေသေးသော ဓားစာခံ ၂၀ ကို အစ္စရေး အား လွှဲပြောင်းပေးခဲ့၍ အပြန်အလှန်အနေဖြင့် အစ္စရေးကလည်း ၎င်းတို့ အကျဉ်းချထားသည့် အကျဉ်းထောင်များ ထဲမှ ပါလက်စတိုင်း ၂၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် အစ္စရေးဓားစာခံ ၂ ဦး၏ ရုပ်အလောင်းကို ပြန်လည် ပေးအပ်ခြင်းမပြုမီ သေဆုံးသွားခဲ့သည့် ဓားစာခံ ၂၈ ဦးအနက် ၇ ဦး၏ အလောင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။
“ဟားမာ့စ်အဖွဲ့က သဘောတူညီချက်ကို မလိုက်နာဘူးဆိုရင် အစ္စရေးကလည်း အမေရိကန်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေကို ပြန်လည် ပြုလုပ်သွားမှာဖြစ်ပါတယ်”ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး၏ ရုံးက ထုတ်ပြန်ခဲ့ သည်။
အစ္စရေး၏ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန် ဂျီဗီယာ (Itamar Ben Gvir) ကမူ ဟားမာ့စ် အဖွဲ့အနေဖြင့် ဂါဇာတွင် ရှိနေသည့် အစ္စရေးစစ်သားများ၏ အလောင်းများကို ပြန်ပေးရန် ပျက်ကွက်ခဲ့မည်ဆိုပါက ဂါဇာအတွက် လိုအပ်နေသော အထောက်အပံ့များကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထိုအချိန်အတောအတွင်း အစ္စရေးသည် ပါလက်စတိုင်း အလောင်း ၄၅ လောင်းကို ဂါဇာတောင်ပိုင်းရှိ နက်ဆာ ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ပါလက်စတိုင်း အလောင်း ၉၀ အထိ လွှဲပြောင်း ရရှိခဲ့ပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထရမ့်၏ အစီအစဉ်အရ အစ္စရေး ဓားစာခံ တစ်ဦး၏ ရုပ်အလောင်း တစ်လောင်းအတွက် ပါလက်စတိုင်း ရုပ်အလောင်း ၁၅ လောင်းနှင့် လဲလှယ်ရမည်ဖြစ်သည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ တွမ် ဖလက်ချာ (Tom Fletcher) ကမူ အစ္စရေး အနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဂါဇာဒေသအတွင်း ပေးပို့နိုင်ရန်အတွက် နယ်စပ်ဂိတ်များအားလုံးကို ချက်ချင်းဖွင့်ပေးရန် တောင်းဆိုခဲ့သည်။
Source: NDTV