CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇

ကမ်းခြေစောင့်တပ်ဖွဲ့သည် လူမှုဝန်ထမ်းအခြေပြုတပ်ဖွဲ့ Civilian-Oriented Troop တစ်ခုဖြစ်သည့်အတွက် ပြည်သူလူထုဘဝ လုံခြုံတ်ချရန်နှင့် တရားဥပဒေစိုးမိုးရန်ကို လုပ်ဆောင်ရမည်ဟု နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “ ကမ်းခြေစောင့်တပ်ဖွဲ့သည် ပြည်သူလူထုကို အကူအညီပေးရန် လူမှု၀န်ထမ်အခြေပြုတပ်ဖွဲ့ Civilian- Oriented Troop တစ်ခုဖြစ်ခြင်းကြောင့် ပင်လယ်ရေကြောင်း အသုံးပြုသူ Mariners များကို ကူညီကယ်ဆယ်ရန် င့် အရပ်ဘက်ရေကြောင်း အာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ Agency များ၏ လုပ်ငန်းရပ်များကို ပံ့ပိုးကူညီရန် လိုအပ်ကြောင်း၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ်၊ အရေးပေါ် အခြေအနေ သို့မဟုတ် ရေကြောင်းနှင့် ပတ်သက်သည့် အရေးကိစ္စများ၊ အငြင်းပွားမှုများတွင် ပြည်သူလူထုအတွက် ၀ိုင်း၀န်းဖြေရှင်းဆောင်ရွက်ပေးရ မည်”ဟု ပြောသည်။

ထို့သို့ လုပ်ဆောင်သည့်အခါ အရပ်သား ပြည်သူလူထုများနှင့် အနီးကပ်ထိတွေ့ပြီး အခက်အခဲကာလများတွင် ပြည်သူလူထုဘဝ လုံခြုံစိတ်ချရန်နှင့် တရားဥပဒေစိုးမိုးရန်ကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် Public Relations အပိုင်းတွင်လည်း ကျွမ်းကျင်နေရန် လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

တပ်တော်ဝင်သည့် ရေယာဥ်များကို တွေ့ရစဥ်

ကမ်းခြေစောင့်တပ်ဖွဲ့ တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားတွင် ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဥ် ၄ စီး တပ်တော်ဝင်ခဲ့သည်။

ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်လုံးတွင် ကာကွယ်စောင့်ရှောက် နိုင်စွမ်းရှိသည့် အရည်အချင်း ပြည့်ဝ‌သော ကမ်းခြေစောင့်တပ်ဖွဲ့ ဖြစ်လာရမည်ဟု ရည်မှန်းချက်ထား၍ လုပ် ဆောင်ရန် နစကဥက္ကဌက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသည် ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်းနှင့် ကျွန်းပေါင်း ၁၄၀၀ ရှိပြီး ရေပြင်နယ်နိမိတ် စတုရန်း ရေမိုင် (၁၄၃,၁၁၀.၇၂) ရှိသောကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့အား ယခုထက်ပို၍ ရေယာဥ်၊ လက်နက်ပစ္စည်း ကိရိယာ၊ လူ့စွမ်းအားများ တိုးချဲ့သွားရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် စစ်ရေးနှင့် မသက်ဆိုင်သည့် ပင်လယ်ရေကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကြောင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း၊ ပင်လယ်ဓားပြရန် ကာကွယ်တားဆီး နှိမ်နင်းခြင်း စသော အရပ်သား ပြည်သူလူထုများအား စောင့်ရှောက်ကာကွယ်ပေးရသည့် လူမှုဝန်ထမ်း တပ်ဖွဲ့ တစ်ခုအဖြစ်လည်း တာဝန်ထမ်းဆောင်ရမည့် အဖွဲ့ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။