CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၃
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်ဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အပြည့်အဝ အာရုံစိုက်ပြီး ပြင်ဆင်နေတာကြောင့် ပြင်သစ်လီဂူး-၁ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ကျနော် ဒီလိုမျိုးပွဲတွေကို ဘယ်တော့မှ မသွားဘဲ အိမ်မှာနေရတာကို ပိုပြီးနှစ်သက်ပါတယ်။ ကျနော်ဟာ အာဆင်နယ်အသင်း အကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် PSG ကစားသမားတွေ အသိအမှတ်ပြုခံရတာကို မြင်တွေ့ရတာ အလွန်ဝမ်းသာမိပြီး၊ သူတို့နဲ့ထိုက်တန်ပါတယ်။ အကောင်းဆုံးနည်းပြ ဆုနဲ့ ထိုက်တန်ခဲ့တဲ့ ပီယာဆေ့ချ်ကိုလည်း ဂုဏ်ပြုချင်ပါတယ်”လို့ ဆုပေးပွဲ အခမ်းအနား မတက်ခဲ့တဲ့အပေါ် မေးမြန်းမှုကို ဖြေခဲ့တာပါ။
PSG အသင်းဟာ မေလ ၃၀ ရက် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နိုင်ပွဲရယူပြီး ချန်ပီယံလိဂ်ဖလားကို ၂ ရာသီ ဆက်တိုက် ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို တွေ့ရစဉ်
ပြင်သစ်လီဂူး-၁ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲမှာ လန်းစ်အသင်းနည်းပြ ပီယာဆေ့ချ်က အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့တာပါ။
PSG အသင်း ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီက အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပြီး ဒူယီက အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့ပါတယ်။
နူနိုမန်ဒက်စ်၊ ပါချို၊ ဟာကီမီ၊ ဗီတင်ညာနဲ့ ဒမ်ဘီလီတို့ဟာ ပြင်သစ်လီဂူး -၁ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပေမယ့် နည်းပြ လူးဝစ်အင်းနရစ်က ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိတာပါ။
လူးဝစ်အင်းနရစ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မီမှာ သူ့ရဲ့ကစားသမားတွေ ဒဏ်ရာရမယ့် အခြေအနေကနေ ရှောင်ရှားနိုင်ဖို့အတွက် လာမယ့် ပြင်သစ်လီဂူး-၁ ပွဲတွေမှာ ပွဲထွက် လူစာရင်းတွေကို ကြီးကြီးမားမား အပြောင်း အလဲ ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Metro
