CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈

အာဆင်နယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် နည်းပြအာတီတာက သူ့ရဲ့အသင်းဗိုလ်လုပွဲ တက်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိနေဆဲ ဖြစ်ပါတယ်။ 

အာတီတာက “ဒါက ပထမပိုင်းပဲရှိသေးတာပါ။ အသင်းရဲ့ကစားပုံကို မြင်တွေ့ခဲ့ရပြီး အခြေအနေ အများအပြားကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ အလွန်ကောင်းမွန်တဲ့ အသင်းနဲ့ ကစားခဲ့ရပါတယ်။ ကျနော်တို့ ဗိုလ်လုပွဲတက်နိုင်အောင် လုပ်နိုင်မယ်ဆိုတာ ကျနော်တို့အပြည့်အဝယုံကြည်မှုရှိတယ်လို့ ပြောရမှာပါ”လို့ ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ဒီပွဲမှာ နယူးကာဆယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်အထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေးအချို့ကို လွဲချော်ခဲ့တာပါ။

နယူးကာဆယ် အသင်းကတော့ ရခဲ့တဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲခဲ့တာကြောင့် ဗိုလ်လုပွဲတက်နိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ဒီပွဲမှာ သူ့အသင်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့အတွက် ကာရာဘောင်းဖလားမှာ အသုံးပြုတဲ့ဘောလုံးကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

ဒီပြိုင်ပွဲမှာ အသုံးပြုနေတဲ့ ဘောလုံးကို Puma က ထုတ်လုပ်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသုံးပြုနေတဲ့ ဘောလုံးကို Nike က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အာတီတာက ပရီးမီးယားလိဂ် ဘောလုံးနဲ့ ဒီပြိုင်ပွဲက ဘောလုံးဟာ အလွန်ခြားနားမှုရှိတယ်လို့ ပြောခဲ့တာပါ။ 

ဒါပေမယ့် အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင်ခင် ဒီရာသီကစားထားတဲ့ ကာရာဘောင်း ဖလား ၃ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ပထမအပတ်မှာ ယှဉ်ပြိုင်သွားမှာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။ 

Source: BBC