CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၇
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ကို ချပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်က KNU/KNLA-PC ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အထက်ပါ အတိုင်း ချပြ ဆွေးနွေး သွားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်း၌ တိုင်းရင်းသား လူမျိုးတစ်ခုတည်းသာ သီးသန့် နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသား ပေါင်းစုံ အတူတကွ ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စု အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြမည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ရရှိမှသာလျှင် နိုင်ငံတည်ဆောက်ရေး(State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိပြည်နယ်နှင့် မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် စဉ်းစားဆောင်ရွက်ရန် လိုသည့် အခြေအနေများ စသည့် အခြေအနေများကို နစကဥက္ကဋ္ဌက ချပြဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌက “ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည် မြှင့်တင်ရေး ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီ သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည် ထောင်စု စနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့တယ် ”ဟု နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊မေလ ၂၆ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU/KNLA-PC ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်
ထို့နောက် KNU/KNLA-PC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့ အပေါ် ပြန်လည် ဆွေးနွေးခဲ့သလို ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ များကိုလည်း ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
နစကသည် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပသွားရန် စီစဉ်နေကြောင်း သိရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ လူထုလိုလာသည့် ပါတီစုံဒီမိုကရေစီစနစ်မှာ တပ်မတော် နိုင်ငံရေးက ဆုတ်ခွာရေးနှင့် အရပ်သား အစိုးရအောက်မှာ တည်ရှိရေး ဖြစ်ကြောင်း ပြောသည်။