CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၆

အရပ်သားပြည်သူများ ကာကွယ်စောင့်ရှောက်ရေး(Civilian Protection)ဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(CNPFD)က ယနေ့ (မေလ ၂၆ ရက်) ထုတ်ပြန် ခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(CNPFD)သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်က အစည်းအဝေး တစ်ရပ် ပြုလုပ်၍ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CNPFD “ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ထိခိုက်ခံစားနေရသော ပြည်သူလူထုအား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်။ အရပ်သား ပြည်သူများ ကာကွယ်စောင့်ရှောက်ရေး(Civilian Protection) ဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်သွားမည်”ဟု ပြောသည်။

ထို့နောက် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် မိမိတို့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်(CNPFD)မှ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို တိုက်တွန်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CNPFD အစည်းအဝေးကို တွေ့ရစဉ်

CNPFD ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဒေသအသီးသီးမှ ငြိမ်းချမ်းရေးလုပ်ဆောင်နေသည့် ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယနေ့ (မေလ ၂၆ ရက်)တွင် ပြုလုပ်သည် CNPFD ၏ အစည်းအဝေးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ဗိုလ်မှူးကြီးစောကျော်ညွှန့်တို့ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင် ပဋိပက္ခများ ကြီးထွားနေပြီး အရပ်သားပြည်သူများမှာ တိုက်ပွဲရှောင်နေကြရသလို အကြောင်းမဲ့ သတ်ဖြတ်ခြင်းများလည်း ခံနေရသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။