CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆

မြန်မာ့အရေးနိုင်ငံတကာ အာရုံစိုက်လာရန် လုပ်ဆောင်ဖို့လိုအပ်သလို နိုင်ငံတကာပါဝင်သည့် ယန္တရား (mechanism)တစ်ခုကို ဖော်ဆောင်ရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့က KNU၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNP P)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောကြားသွားခဲ့ခြင်း ဖြစ် သည်။

ပဒိုစောတာဒိုမူးက “ မြန်မာနိုင်ငံ၏ လုံခြုံရေး၊ တစ်ကမ္ဘာလုံး လုံခြုံရေးနဲ့ပတ်သက်နေပါတယ်။ ဒီ Scam Business တွေ တရားမဝင် အွန်လိုင်းငွေလိမ်လည်တဲ့ လှုပ်ရှားမှုတွေ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု တွေက တစ်ကမ္ဘာလုံး ပြန့်နေပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က လမ်းမကြီးတွေမှာရှိသလို ဘန်ကောက်မြို့ရဲ့ လမ်းမကြီးတွေမှာလည်း ရောက်နေပါတယ်။ ဥရောပကိုလည်း ရောက်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြဿနာ က အကြီးကြီးပါ။ အဲဒါကြောင့် ဒါကို   High Light လုပ်ပြီးတော့ တစ်ကမ္ဘာလုံးက အာရုံစိုက်အောင် လုပ်ရမယ့် တာဝန် ကျနော်တို့မှာရှိပါတယ်။ ဒါကို ကျနော်တို့က ဆက်လုပ်မယ်။ အဲဒီနည်းလမ်းကနေ နိုင်ငံတကာပါဝင်တဲ့ mechanism(ယန္တရား)တစ်ခုကနေပြီးတော့ ဒီလမ်းကြောင်းကို လုပ်ခြင်းအားဖြင့် ပိုပြီးတော့ စဉ်ဆက်မပြတ်ဖြစ်တဲ့ နိုင်ငံထူထောင်ရေးလမ်းကြောင်း တည်ဆောက်မှုလမ်းကြောင်းကို ရောက်သွားမယ်လို့ ယုံကြည်ပါတယ်" ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ် ချ၍ တပ်မတော်က အာဏာရယူခဲ့သည်။

ထို့နောက် NLD ပါတီ ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစု များ၊ လက်နက်ကိုင်များ စုပေါင်း၍ မြန်မာ့တပ်မတော် ဖြုတ်ချရေး နွေဦးတော်လှန်ရေးကို ဖော်ဆောင်လျက်ရှိ သည်။

အဆိုပါ နွေဦးတော်လှန်ရေး ဖော်ဆောင်နေချိန်မှာပဲ အွန်လိုင်းငွေလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်း များ နှိမ်နင်းရေး တရုတ်က မြန်မာအစိုးရကို ဖိအားပေးလာသလို လက်နက်ကိုင်တချို့ကို အသုံးချခဲ့မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဘစ်ရှော့နဲ့ နစကဥက္ကဌကို တွေ့ရစဉ်

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၆ သန်းကျော်ရှိကြောင်း သိရသည်။

နိုင်ငံတကာကလည်း မြန်မာ့တပ်မတော် ခေါင်းဆောင်များ၊ နစကအဖွဲ့ဝင်များ၊ နိုင်ငံတော်ပိုင် ဘဏ်များ၊ မြန်မာ့ တပ်မတော်နှင့်ဆက်စပ်သူများ စသည့် အစုအဖွဲ့နှင့် လူပုဂ္ဂိုလ်များကို စီးပွားရေးပိတ်ဆို့ထားသည်။

ထို့အပြင် အမေရိကန်နိုင်ငံသည် Burma Ace ဆိုသော ဥပဒေကို ပြဌာန်းကာ အတိုက်အခံများကို ငွေကြေး ထောက်ပံ့ပေးလျက်ရှိသလို ဥရောပနှင့် တခြားသော နိုင်ငံတကာများကတော့ နစကနှင့်မြန်မာ့တပ်မတော်ကို မဆက်ဆံရေး မူဝါဒများ ချမှတ်ကာ ဖိအားပေးလျက်ရှိနေသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စစ်ဘစ်ရှော့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလက လာရောက်ခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာဦးဆောင်သည့် နိုင်ငံတကာပါဝင်သော လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန် ကုလညီလာခံမှာ ပြောကြားခဲ့သည်။