CNI International Article

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇

“ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျနော်တို့ဟာ ဘာတစ်ခုကိုမှ အင်အားသုံးပြီး သိမ်းယူခဲ့တာမျိုး မရှိပါဘူး” ဆိုသည့် စာသားကို ၁၈၄၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဝါရှင်တန်အခြေစိုက် National Intelligencer and Washington Advertiser အမည်ရှိ သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သည် Guadalupe Hidalgo စာချုပ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် မက္ကဆီကို နယ်နိမိတ် ၅၅ ရာခိုင်နှုန်းကို ထိုခေတ်က ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ထိုစာချုပ်သည် လူပေါင်းများစွာ သေဆုံးစေခဲ့သည့် မက္ကဆီကန်-အမေရိကန် စစ်ပွဲကို အဆုံးသတ်စေခဲ့သည်။

လူပေါင်းများစွာ သေဆုံးခဲ့သည့်တိုင် အမေရိကန်၏ ရည်မှန်းချက်များသည် မက္ကဆီကို တစ်နိုင်ငံလုံးကို ရယူရန် ဖြစ်ပြီး ထိုစာချုပ်တွင် အင်အားသုံး သိမ်းပိုက်ခြင်းထက် တစ်နိုင်ငံ၏ နယ်နိမိတ်ကို တခြားတစ်နိုင်ငံအား လွှဲပြောင်းပေးအပ်ပိုင်ခွင့်ရှိသည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။

ထိုကဲ့သို့ နောက်ခံ ရာဇဝင်များရှိခဲ့သည့် အမေရိကန်နိုင်ငံသမိုင်းကို ကနေဒါနိုင်ငံသား အားလုံးအနေဖြင့် အာရုံ စိုက်ရန် လိုအပ်သည်။ 

အခြားစာချုပ် တစ်ခုတွင်လည်း အမေရိကန်သည် လက်ရှိ အမေရိကန်ပြည်နယ်များဖြစ်သည့် ကယ်လီဖိုးနီးယား (California) ၊ နီဗားဒါး (Nevada) ၊ အူတား (Utah) ၊ နယူးမက္ကဆီကို (New Mexico) ၊ အရီဇိုးနား (Arizona) ၊ ကော်လိုရာဒို (Colorado) ၊ အိုကလာဟိုးမား (Oklahoma) ၊ ကန်ဆပ် (Kansas) နှင့် ဝိုင်အိုမင် (Wyoming) တို့ကို အမေရိကန်၏ လက်အောက်ခံ ပြည်နယ်များအဖြစ် သွတ်သွင်းခဲ့သည်။ 

ထို့ပြင် နိုင်ငံအနောက်ပိုင်းရှိ တိုင်းရင်းသား လူမျိုးစုများ၏ နယ်နိမိတ်ကိုလည်း တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့ သည်။

ကနေဒါနိုင်ငံကိုတွေ့ရစဉ်

ကနေဒါသည်လည်း အမေရိကန်၏ နောက်ထပ် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။ 

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ချက်ချင်းဖြစ်လာမည် မဟုတ်သော်လည်း ကနေဒါ နိုင်ငံသားအားလုံးအတွက် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများတွင် မဲပေးခွင့်များ ဆုံးရှုံးနိုင်သည့် အမေရိကန် ၏ နယ်နိမိတ်တစ်ခု ဖြစ်လာနိုင်သည်။

ထိုအလားအလာနှင့်ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုများလည်း ပေါ်ပေါက်နေသည်။ ကျွမ်းကျင်သူ အများစုကမူ ကနေဒါနှင့်ပတ်သက်ပြီး အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မှတ်ချက်များ သည် လေလုံးထွားပြောဆိုမှုများသာဖြစ်ကြောင်း ယူဆထားကြသည်။

သို့သော် အချို့ကမူ ထရမ့်၏ မှတ်ချက်စကားများသည် ဆွေးနွေးညှိနှိုင်းရေး နည်းဗျူဟာတစ်ခု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်ထားကြသည်။

၁၉၃၉ ပြည့်နှစ်က အမေရိကန် စစ်ပွဲရေးရာဝန်ကြီးဌာနက ရေးဆွဲခဲ့သည့် War Plan Red အမည်ရှိ စစ်ပွဲ အစီအစဉ်များတွင် လိုအပ်လာပါက ကနေဒါကို မည်ကဲ့သို့ ကျူးကျော် ဝင်ရောက်ရမည်ဆိုခြင်းကို အသေးစိတ် ဖော်ပြပါရှိခဲ့သည်။

ထိုအစီအစဉ်များထဲတွင် ကနေဒါ၏ ဟာလီဖက်စ် (Halifax) မြို့ကို အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်ရေး၊ နယူးဘရန်းစ်ဝစ် (New Brunswick) ကို လျင်မြန်စွာ ဝင်ရောက်ပြီး ကွီးဘက်မြို့ (Québec City) နှင့် မွန်ထရီယယ် (Montréal) မြို့တို့ကို သိမ်းပိုက်ကာ နီယာဂါရာရေတံခွန် (Niagara Falls) အထိ သိမ်းပိုက်မည့် ကြောက်မက်ဖွယ် အစီအစဉ် အသေးစိတ်များ ပါဝင်ခဲ့သည်။

သမိုင်းကြောင်း အစဉ်အလာအရ အမေရိကန်သည် ကနေဒါ ခေါင်းဆောင်များကို ထိတ်လန့်ကြောက်ရွံ့စေရန် လုပ်ဆောင်ခဲ့ကြသည်။

ဗြိတိန်၏ ကွယ်လွန်သွားပြီဖြစ်သည့် ဝိတိုရီယ ဘုရင်မကြီး (Queen Victoria) ကလည်း ကနေဒါ၏ မြို့တော် ဖြစ်သည့် အော့တဝါ (Ottawa) သည် အမေရိကန်၏ ကျူးကျော်ဝင်ရောက်မှုကြောင့် ပျက်စီးသွားနိုင်ကြောင်း ခံစားခဲ့ရသည်။

ကနေဒါ ပြည်တွင်းစစ် ကာလက အမေရိကန် စပိုင်များနှင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မည့် သူများသည်  မွန်ထရီယယ်မြို့တွင် ခြေကုပ်ယူခွင့်ရရှိခဲ့ပြီး အမေရိကန်၏ မဟာမိတ်တပ်ဖွဲ့များသည် ကနေဒါကို ဝင်ရောက် တိုက်ခိုက်မည့် အရေးကို ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျွန် အေ မက်ဒေါ်နယ် (John A Macdonald) က စိုးရိမ်ခဲ့ သည်။

အမေရိကန်သမ္မတ Dwight Eisenhower က Hawaii ကို ၅၀ မြောက်ပြည်နယ်ဖြစ်လာဖို့ ၁၉၅၉ ခုနှစ်၊ သြဂုတ်လတွင် ဝါရှင်တန်ရှိ ကြယ် ၅၀ ပွင့်အလံအသစ်ကို လွှင့်တင်ခဲ့စဉ် (ဓာတ်ပုံ-  Byron Rollins)

၁၉၁၁ ခုနှစ် ရွေးကောက်ပွဲတွင်မူ ကနေဒါ၏ လစ်ဘရယ်ပါတီက အမေရိကန်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး အတွက် တွန်းအားပေး လုပ်ဆောင်ခဲ့ပြီး ကနေဒါဝန်ကြီးချုပ်ဟောင်း ရောဘတ် ဘော်ဒန် (Robert Borden) ၏ ကွန်ဆာဗေးတစ်များ ထောက်ခံခဲ့သည့် အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုများကို တားဆီးနိုင်ကြောင်း ပြသခဲ့ သည်။

အမေရိကန်အနေဖြင့် ဖွဲစည်းပုံအခြေခံဥပဒေအောက်တွင် နယ်နိမိတ်များကို ရယူပိုင်ဆိုင်ခွင့်လည်း ရှိနေသည်။ 

အခြေခံဥပဒေ၏ အခန်း ၂ ၊ ပိုဒ်ခွဲ ၂ တွင်မူ “သူ (သမ္မတ)သည် အထက်လွှတ်တော်၏ သဘောဆန္ဒနှင့် အကြံပေးမှုတို့နှင့်အတူ စာချုပ်များချုပ်ဆိုရန် အခွင့်အာဏာရှိပြီး အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ သဘောတူညီမှုကို ရရှိရန်လိုအပ်သည်”ဟု ဖော်ပြထားသည်။

အမေရိကန်အထက်လွှတ်တော်သည် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုနှင့်အတူ အဆိုပါ စာချုပ်များကို အတည်ပြုခဲ့ပြီးနောက် အမေရိကန်သည် “မည်သည့်အရာကိုမှ အင်အားသုံး သိမ်းယူခြင်းမရှိ” ဆိုသည့် ကြွေးကြော်သံနှင့်အတူ စာချုပ်များကို လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့သည်။

၁၈၄၈ ခုနှစ်က အမေရိကန်သမ္မတ ဇာချရီ တေလာသည် မက္ကဆီကို၏ နယ်မြေများကို သိမ်းယူရန် လွှတ်တော်တွင် Guadalupe Hidalgo စာချုပ် အဆိုပြု တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုပေးခဲ့သည်။

၁၈၉၈ ခုနှစ်ကလည်း အမေရိကန်လွှတ်တော်က အောက်လွှတ်တော် ပူးတွဲကြေညာချက် ၂၅၉ ကို ထုတ်ပြန်ခဲ့ သည်။ ထိုကြေညာချက်တွင် သမ္မတ ဝီလျံ မက်ကင်လေး၏ ဟာဝိုင်အီနယ်မြေအား သိမ်းယူသည့်စာချုပ်ကို အတည်ပြုကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဟာဝိုင်အီတွင် ဆန္ဒပြမှုများ၊ အသနားခံစာ တင်သွင်းမှုများနှင့် ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဟာဝိုင်အီကို အမေရိကန်၏ ပြည်နယ်အဆင့်သို့ ရောက်ရှိစေရန် နှစ်ပေါင်း ၆၀ ခန့် အချိန်ယူခဲ့ရပြီး ၁၉၅၇ ခုနှစ်ရောက်မှ ဟာဝိုင်အီနယ်မြေသည် အမေရိကန်၏ တရားဝင်ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။

အမေရိကန်၏ မူလဇစ်မြစ် သမိုင်းကြောင်းတွင် အမေရိကန်သည် တော်လှန်ရေးအတွင်းမှ ပေါက်ဖွားလာသည့် နိုင်ငံဖြစ်ကြောင်း ဖော်ပြထားသော်လည်း စင်စစ်တွင် ထိုတော်လှန်ရေးသည် အမေရိကန်၏ နယ်မြေ အနည်းငယ် ကိုသာ ကိုယ်စားပြုသည်။

ကျူးဘားနိုင်ငံအတွင်း တွေ့ရစဉ်

အမေရိကန်၏ ကျန်သည့် နယ်မြေ အစိတ်အပိုင်းများကို အခြားနယ်မြေများအား သိမ်းပိုက်ပြီး နိုင်ငံအတွင်းသို့ သွတ်သွင်းခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်သည် နယ်မြေများကို ဝယ်ယူမှုများ၊ အခြားနိုင်ငံများ၏ နယ်မြေအလျှော့ပေးမှုများ၊ သိမ်းယူမှုများဖြင့် ပြည်နယ်ပေါင်း ၅၀ နှင့် ပြည်ပနယ်နိမိတ်ပေါင်း ၁၄ ခုအထိ ရှိလာစေရန် ချဲ့ထွင်ခဲ့သည်။

၁၈၀၃ ခုနှစ်တွင် လူဝီစီယားနား (Louisiana) ပြည်နယ်ကို ပြင်သစ်နိုင်ငံထံမှ ဝယ်ယူခြင်းမှအစ ၁၉၄၇ ခုနှစ်တွင် ဂျပန်တို့က မာရှယ်ကျွန်းစု (Marshall Islands)ကို အမေရိကန်အား လွှဲပေးရမှုအဆုံး၊ အမေရိကန်၏ နယ်မြေ ချဲ့ထွင်မှုများသည် တရားဝင်မှုရှိကြောင်း အခြေခံဥပဒေက သတ်မှတ်ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် နယ်နိမိတ်များကို တရားဝင် ရယူပြီးချိန်တွင် လွှတ်တော်အနေဖြင့် ထိုနယ်နိမိတ်များကို စီမံခန့်ခွဲရန် သို့မဟုတ် ပြန်လည်ရောင်းချရန် လုပ်ပိုင်ခွင့်ရှိကြောင်း အခြေခံဥပဒေ၏ အခန်း ၂ ၊ ပိုက်ခွဲ ၄ တွင် ဖော်ပြထားသည်။

အကယ်၍ နယ်မြေတစ်ခုကို စာချုပ်တစ်ခုမှတဆင့် မတော်မတရား ရယူသည့် အချိန်မျိုးတွင် ထိုနယ်မြေကို ပြန်လည် စွန့်လွှတ်နိုင်သည်။ မာရှယ်ကျွန်းစုသည် အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်သည်။

အမေရိကန်သည် မာရှယ်ကျွန်းစုကို ဂျပန်ထံမှ ရရှိခဲ့ပြီးနောက်ပိုင်း ထိုကျွန်းကို နျူကလီးယားဗုံးများ စမ်းသပ် ဖောက်ခွဲသည့် နေရာအဖြစ် အသုံးပြုခဲ့သည်။ 

ထို့နောက် အမေရိကန်က ၁၉၇၉ ခုနှစ်တွင် အခြေခံဥပဒေတစ်ခုကို အတည်ပြုခဲ့ပြီး မာရှယ်ကျွန်းစုကို လွတ်လပ်ရေးပေးခဲ့သည်။

အမေရိကန်သမ္မတ ယူလစ်စီ အက်စ် ဂရန့်က ၁၈၇၀ ပြည့်နှစ်တွင် ဒိုမီနီကန် သမ္မတနိုင်ငံရှိ ဆန်တို ဒိုမင်ဂို (Santo Domingo) မြို့ကို လက်အောက်ခံအဖြစ် သတ်သွင်းရန် အဆိုပြုခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဟေတီ၏ ကျူးကျော်မှုရန်ကို ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ထိုသို့ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သော်လည်း လွှတ်တော်က အတည်မပြုခဲ့သဖြင့် အောင်မြင်ခဲ့ခြင်းမရှိပေ။

၁၈၉၈ ခုနှစ်က အမေရိကန်သည် ကျူးဘား၊ ပွာတိုရီကို၊ ဖိလစ်ပိုင်နှင့် ဂူအမ်ကျွန်းတို့ကို ကျူးကျော်ပြီး စပိန်ကို စစ်ကြေညာခဲ့သည်။ 

၆ လအတွင်းမှာပင် ပြင်သစ်သည် အလျှော့ပေးခဲ့ပြီး နယ်မြေတစ်ခုခြင်းစီကို အမေရိကန်အား လွှဲအပ်ရသည့် စာချုပ်များ ချုပ်ဆိုခဲ့သည်။ 

အမေရိကန်သည ကျူးဘားမှလွဲပြီး ကျန်သည့် နယ်မြေများအားလုံးကို အချုပ်အခြာအာဏာပိုင်ခဲ့သည်။ ၁၉၄၆  ခုနှစ်တွင်မူ အမေရိကန်က ဖိလစ်ပိုင်၏ လွတ်လပ်ရေးကြေညာမှုကို အသိအမှတ်ပြုခဲ့သည်။

ကျူးဘားကို ဖယ်ချန်ခဲ့ခြင်းသည် ကော်လိုရာဒိုပြည်နယ်မှ အထက်လွှတ်တော်အမတ် ဟင်နရီ တယ်လာ (Henry Teller) ကြောင့်ဖြစ်သည်။ တယ်လာသည် ကျူးဘား၏ သကြားများ အမေရိကန် စျေးကွက်များအတွင်း စုပြုံ ဝင်ရောက်လာမည့် အခြေအနေကို စိုးရိမ်ခဲ့ပြီး ထိုအချက်ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အထက်လွှတ်တော်က ကျူးဘားကို အမေရိကန်၏ လက်အောက်သို့ သွတ်သွင်းခဲ့ခြင်းမရှိပေ။ 

သို့သော် ၄ နှစ်အကြာတွင် ကော်နက်တီကတ် (Connecticut) လွှတ်တော်အမတ် အော်ဗီလီ ပလက် (Orville Platt) က ဂွါတာနာမို ပင်လယ်အော်တွင် အမေရိကန်၏ အမြဲတမ်းစစ်စခန်းတစ်ခုကို ထူထောင်သည့် ဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ 

ထို့ကြောင့် ကျူးဘားကျွန်းပေါ်တွင် အမေရိကန်စစ်စခန်း တစ်ခုရှိခဲ့ပြီး အမေရိကန်က ကျူးဘားကို အချိန်မရွေး ဝင်ရောက်ကျူးကျော်ခွင့်ရှိခဲ့သည်။

လက်ရှိတွင် အမေရိကန်က ကနေဒါကို လက်အောက်ခံအဖြစ် သွတ်သွင်းနိုင်ခြေ ရှိ/မရှိကို ကျိန်းသေပေါက် ပြော၍မရသေးပေ။ သို့သော် ကနေဒါအနေဖြင့် အမေရိကန်၏ သမိုင်းကြောင်းကို လေ့လာပြီး သတိထားရန် လိုအပ်နေသည်။

ထရမ့်ကလည်း ကနေဒါကို အမေရိကန်နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။

ကနေဒါအနေဖြင့် မိမိသဘောဆန္ဒဖြင့် လိုက်လျောခြင်း၊ အမေရိကန်၏ ဝယ်ယူခြင်း  သို့မဟုတ် အင်အားသုံး သိမ်းပိုက်ခြင်းတို့သည် တရားဝင်သည်ဆိုသည့် စာချုပ်တစ်ခုကို အမေရိကန်နှင့် ချုပ်ဆိုသည့်အခါမှသာ ထိုသို့ ပူးပေါင်းရန် ဖြစ်လာမည်ဖြစ်သည်။

ထို့နောက် ထိုစာချုပ်ကို အမေရိကန် အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုနှင့်အတူ လွှတ်တော်၏ အတည်ပြုမှုကို လိုအပ်မည်ဖြစ်သည်။ 

ထရမ့်ဘက်တွင် အထက်လွှတ်တော်၌ ၎င်းအား ထောက်ခံမည့် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံမရှိပေ။

အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း ကနေဒါကို အရယူခြင်းသည် ဆုလာဘ်တစ်ခု ဆိုခြင်းထက် နိုင်ငံရေးနှင့် ဘဏ္ဍာရေးအရ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ရှုမြင်ရန် လိုအပ်ပေသည်။

Source: Asia Times