CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃

ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို အနိုင်ရယူနိုင်မယ်လို့ သူကိုယ်တိုင် တောင် မထင်ခဲ့ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ဘယ်သူမှ၊ ကျနော် ကိုယ်တိုင်တောင် ဒီနိုင်ပွဲအတွက် ပေါင် ၁ ပေါင် လောင်းကြေးထပ်မှာ မဟုတ် ပါဘူး။ အာဆင်နယ်က မယုံနိုင်လောက်အောင် ကောင်းမွန်စွာ စွမ်းဆောင်နေပြီး ကျနော်တို့က ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ကို အနိုင်မရခဲ့ပါဘူး။ ရီးရယ်လ်ကိုလည်း နှစ်ကျော့ပေါင်း ၅ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ လူ အနည်းငယ်ကသာ ကျနော်တို့ အနိုင်ရနိုင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် ကစားသမားတွေက ဒါကို ထပ်ပြီး သက်သေ ပြသနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံ ဆုကို ရယူနိုင်ခဲ့ပါတယ်။ 

မန်စီးတီးအသင်းအတွက် ၂ ဂိုးစလုံးကို နောက်ခံလူ အိုရိုင်းလီက ဒုတိယပိုင်းမှာ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။ 

အာဆင်နယ်နဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

မန်စီးတီးအသင်းဟာ နည်းပြ ဂွာဒီယိုလာ လက်ထက် ၁၀ နှစ်အတွင်းမှာ ကာရာဘောင်းဖလားကို ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲမှာ အရေးနိမ့်မှုကြောင့် ဒီရာသီဆုဖလား ၄ လုံး ရယူနိုင်မယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာပါ။ 

မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ၁ ပွဲပို ကစားကာ ရမှတ် ၉ မှတ်အသာနဲ့ ထိပ်ဆုံးနေရာ ရပ်တည် နေပါတယ်။ 

သူတို့ ၂ သင်းဟာ ဧပြီလ ၁၉ ရက်နေ့ကျရင် ပရီးမီးယားလိဂ်ပွဲအဖြစ် ထပ်ပြီးယှဉ်ပြိုင်ရဦးမှာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ရှုံးနိမ့်မှုအတွက် စိတ်ပျက်ပြီး ဝမ်းနည်းမိပေမယ့် ကျန်ရှိနေတဲ့ ဆုဖလား တွေကို အာရုံစိုက်ဖို့ အသင်းသားတွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အာတီတာဟာ မန်စီးတီးအသင်း ရရှိတဲ့ အဖွင့်ဂိုးမှာ အမှားအယွင်း ပြုလုပ်ခဲ့တဲ့ ဂိုးသမား ကယ်ပါကို ပွဲထွက်လူစာရင်း အသုံးပြုတဲ့အပေါ် နောင်တမရဘူးလို့လည်း ပြောခဲ့ပါတယ်။ 

Source: Dailymail