CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
လီဗာပူးလ်အသင်းဟာ PSG အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် နည်းပြအာနီဆလော့က PSG အသင်းကို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အာနီဆလော့က “PSG က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်း မဟုတ်ပါဘူး။ ရေပန်းစားတဲ့ အသင်းတွေကို ကျနော် မပြောချင်ပါဘူး။ PSG က အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပေမယ့် ပြိုင်ပွဲမှာ အသင်းကောင်းတွေ အများကြီး ရှိနေပါသေးတယ်။ ပုံမှန်ဆိုရင် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဒီအသင်းတွေနဲ့ တွေ့ရမှာဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ PSG အသင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းက လီဗာပူးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။
အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပီအက်စ်ဂျီအသင်းက ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲကနေ စောစီး စွာ ထွက်ခွာခဲ့ရပြီး PSG အသင်းက ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ PSG အသင်းကို ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ အဆင့်သတ်မှတ်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဒါအပြင် ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့က ဒီပွဲဟာ သူပါဝင်ခဲ့ဖူးသမျှ ဘောလုံးပွဲတွေထဲမှာ အကောင်းဆုံးပွဲ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ၂ သင်းစလုံးဟာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ ထိုက်တန်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလား ရယူနိုင်ဖို့ ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ မတ်လ ၁၆ ရက်မှာ ကာရာဘောင်းလိဂ် ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro