CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁
လာမယ့်နွေရာသီမှာ တိုက်စစ်မှူးခေါ်ယူပြီး တိုက်စစ် အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အာဆင်နယ် အသင်းဟာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး ဟူဂို အီကီတီကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Sky Sports သတင်းထောက် ဆာချာက ဟူဂို အီကီတီကီကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကို ဖော်ပြခဲ့ပေမယ့် နယူးကာဆယ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ထားတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဟူဂို အီကီတီကီဟာ လာမယ့်နွေရာသီမှာ ဖရန့်ဖတ်အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပြီး ဂျာမန်ကလပ်ဟာ သူ့အတွက် ယူရိုသန်း ၈၀ တန်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဟူဂို အီကီတီကီဟာ ဒီရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ၃၅ ပွဲ ကစားထားပြီး ၁၈ ဂိုးသွင်း ယူထားတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ထပ်ပြီး လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် လာမယ့်ရာသီအတွက် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဟူဂို အီကီတီကီကိုကို တွေ့ရစဉ်
ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဟာဗက်ဇ်တို့ဟာ ရာသီအကုန်ထိ အနားယူ ရမယ့် ဒဏ်ရာရရှိထားပြီး အဓိက တောင်ပံကစားသမား ဆာကာကိုလည်း ကာလရှည်ကြာ အနားပေးထား ရပါတယ်။
အဲဒါကြောင့် အရပ် ၆ ပေ ၃ လက်မရှိတဲ့ ဟူဂို အီကီတီကိုခေါ်ယူပြီး သူတို့ရဲ့ တိုက်စစ် အခက်အခဲတွေကို ဖြေရှင်းဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတာပါ။
ဒါပေမယ့် ဖရန့်ဖတ်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို အာဆင်နယ်အသင်းဘက်က ပေးဖို့တော့ မသေချာပါဘူး။
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်၊ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို,ကိုလည်း ခေါ်ယူမယ့် တိုက်စစ်မှူး စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အာရုံစိုက်နေပြီး PSV အသင်းနဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့ပွဲစဉ်က PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Goal