CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၆

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးတာကြောင့် အမေရိကန်နိုင်ငံကို ဝင်ရောက် ခွင့် မရတဲ့အတွက် အင်ဒီးယန်းဝဲလ်စ်ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့အတွက် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်ဖို့ အထူးခွင့်ပြုချက် လျှောက်ထားခဲ့တာပါ။

အမေရိကန်နိုင်ငံထဲကို ဝင်ရောက်မယ့် နိုင်ငံတကာ ဧည့်သည်တွေဟာ ကာကွယ်ဆေး ထိုးထားဖို့ လိုအပ်ပြီး အနည်းဆုံး ဧပြီလ ၁၀ ရက်အထိ အထောက်အထားလိုအပ်မှာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေး မထိုးတာကြောင့် ပြီးခဲ့တဲ့နှစ်က အမေရိကန် အိုးပန်းပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

“ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ်ဟာ 2023 BNP Paribas Open ကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ နှုတ်ထွက်မှုနဲ့အတူ ဘာဆီလာရှက်ဗေးလ်ဟာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်”လို့ ပွဲစီစဉ်သူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား တာပါ။

ဂျိုကိုဗစ်ကိုတွေ့ရစဉ်

အင်ဒီးယန်းဝဲလ်စ် ပြိုင်ပွဲဟာ ဂရမ်းဆလမ်း အပြင်ဘက်ရှိ တင်းနစ်ပြက္ခဒိန်တွေထဲက ပြိုင်ပွဲတွေထဲမှာ ဂုဏ်သိက္ခာ အရှိဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး မတ်လ ၆ ရက်မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အမေရိကန် တင်းနစ်အဖွဲ့အစည်းနဲ့ အမေရိကန်အိုးပန်းတို့က အခုလထဲ ကျင်းပမယ့် အင်ဒီယန်းဝဲလ်စ်နဲ့ မိုင်ယာမီမာစတာ ၁၀၀၀ ပြိုင်ပွဲတွေမှာ ဂျိုကိုဗစ် ပါဝင်နိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။

ဆားဘီးယား တင်းနစ်သမားဟာ ကိုဗစ်ကာကွယ်ဆေး မထိုးထားတာကြောင့် ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲ အများအပြားကို မပါဝင်နိုင်ခဲ့သလို သြစတြေးလျနိုင်ငံကနေ ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။

ဂျိုကိုဗစ်က ကိုဗစ်ကာကွယ်ဆေး ထိုးမယ့်အစား ဂရမ်းဆလမ်း ပြိုင်ပွဲတွေကို မယှဉ်ပြိုင်ဘဲ နေသွားမယ်လို့ အဲဒီ တုန်းက ပြောခဲ့ပါတယ်။

ဒါပေမယ့် ဂျိုကိုဗစ်ဟာ အခုနှစ် အစပိုင်းက ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC